ရည်မှန်းချက်ကြီးမားတဲ့ အက်စတွန်ဗီလာကစားသမားတွေအတွက် ယူရိုပါလိဂ်ဆုဖလားက အရေးကြီးတယ်လို့ အူနိုင်းအမ်မရီအခိုင်အမာပြောကြား
အက်စတွန်ဗီလာအသင်းရဲ့ယူရိုပါလိဂ်ချန်ပီယံဆုက ရည်မှန်းချက်ကြီးမားတဲ့ ဒီကလပ်အသင်းအတွက် အစပျိုးမှုတစ်ခုသာ ဖြစ်တယ်လို့ နည်းပြအူနိုင်းအမ်မရီက အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။
အသက် ၅၄ နှစ်အရွယ်အမ်မရီက ယူရိုပါလိဂ်ဖိုင်နယ်မှာ ဖရိုင်းဘတ်ကို ၃-၀ ဂိုးဖြင့် သက်သောင့်သက်သာအနိုင်ယူပြီး နည်းပြဘ၀သက်တမ်းတလျှောက် ပဉ္စမမြောက်ယူရိုပါလိဂ်ချန်ပီယံဆုကို စံချိန်တင်ရယူနိုင်ခဲ့ပါတယ်။
အက်စတွန်ဗီလာက ပရီးမီးယားလိဂ်အမှတ်ပေးဇယားထပ်ဆုံးငါးသင်းစာရင်းဝင်အဖြစ် ရာသီသိမ်းဖို့ သေချာနေလို့ လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို သေချာပေါက်ရရှိထားပါတယ်။
ပွဲစဉ်အပြီး TNT Sports နဲ့တွေ့ဆုံချိန် အမ်မရီက ဒီထက်ပိုမိုတဲ့ အောင်မြင်မှုတွေကို လိုချင်နေသလို အသင်းမှာရှိသူတိုင်းလည်း အသင်းရဲ့ရည်မှန်းချက်ပန်းတိုင်တွေနဲ့ တစ်သားတည်း ရှိနေတယ်လို့ ပြောပါတယ်။
"ကျွန်တော်ကိုယ်တိုင်ကလည်း ရည်မှန်းချက်ကြီးသူတစ်ဦးဖြစ်သလို အသင်းပိုင်ရှင်တွေ၊ အသင်းမှာ အလုပ်လုပ်နေသူတွေအားလုံးနဲ့ ကစားသမားတွေရဲ့ ပံ့ပိုးမှုကိုလည်း လိုအပ်ပါတယ်။ အားလုံးကလည်း ကျွန်တော့်နောက်မှ လိုက်ပါလုပ်ဆောင်ပေးနေကြပါတယ်" လို့ သူက ဆိုပါတယ်။
"ကျွန်တော်တို့ ဒါကို အတူတူလုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ ရည်မှန်းချက်ထားတဲ့နေရာမှာ ရှင်းလင်းပြီး လက်တွေ့ကျဖို့လည်း ကြိုးစားရပါမယ်။ ကျွန်တော်တို့ ရှေ့ဆက်နေတဲ့ ခြေလှမ်းတိုင်းက မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်"
သူ့ရဲ့အနာဂတ်အခြေအနေအပြင် အသင်းရဲ့ ရှေ့ဆက်မယ့်လမ်းကြောင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း အမ်မရီက "နောက်နှစ်မှာ ကျွန်တော်တို့ ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားရဖို့ရှိနေလို့ ဒါက စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဆိုတာ ကမ္ဘာပေါ်မှာ အခက်ခဲဆုံးလိဂ်ပြိုင်ပွဲ ဖြစ်ပါတယ်။ ထိပ်ဆုံးခုနစ်သင်း၊ ငါးသင်း ဒါမှမဟုတ် လေးသင်းစာရင်းဝင်ဖို့ဆိုတာ တကယ်ကို ခက်ခဲပါတယ်။ မန်စီးတီးနဲ့ အာဆင်နယ်လို အသင်းမျိုးတွေနဲ့ အနီးကပ်ယှဉ်ပြိုင်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဂန်းနားတွေ ချန်ပီယံဖြစ်သွားလို့လည်း ဂုဏ်ပြုပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
"ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့အတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ အစပိုင်းမှာ ကျွန်တော်တို့က ထိပ်ဆုံးခုနစ်သင်းစာရင်းဝင်ဖို့တောင် ရေပန်းမစားခဲ့ပါဘူး။ ထိပ်ဆုံးခြောက်သင်းရယ်၊ သတ္တမမြောက်မှာ နယူးကာဆယ်ရယ်ဆိုပြီး ရှိနေခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့ အဲဒီအဆင့်ဆီ ရောက်အောင် ကြိုးစားနေပြီး ခြေစွမ်းတည်ငြိမ်ဖို့လည်း လုပ်ဆောင်နေပါတယ်။ အခုတော့ အောင်မြင်နေပြီပေါ့။ ဒါပေမဲ့ ဒါကို ဆက်ထိန်းထားဖို့ဆိုတာ ကျွန်တော်တို့အတွက် စိန်ခေါ်မှုပါပဲ။ အဲဒီအဆင့်မှာ ရှိနေမှသာ ကျွန်တော်တို့တွေ ဥရောပအဆင့်ပြိုင်ပွဲကို ကစားနိုင်ပါလိမ့်မယ်"
"ဒီဖလားကိုရယူနိုင်တာက ကျွန်တော်တို့အတွက် အတွေ့အကြုံသစ်တွေ ရစေပါတယ်။ လာမယ့်နှစ်မှာလည်း ဆုဖလားတွေအတွက် ဆက်ယှဉ်ပြိုင်ဖို့အတွက် ကြိုးစားသွားနိုင်ရန် ဒီလိုအတွေ့အကြုံမျိုးဆိုတာ အရေးကြီးပါတယ်။ မနှစ်က FA ဖလား၊ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်နဲ့ ကွာတားဖိုင်နယ်တွေမှာ ရှုံးနိမ့်ခဲ့မှုတွေက ကျွန်တော်တို့အတွက် သင်ခန်းစာတွေပါပဲ။ ခရစ္စတယ်ပဲလေ့နဲ့ပွဲစဉ်မှာ ကျွန်တော်တို့တွေ ရှုံးသင့်လို့ ရှုံးခဲ့တာပါ။ ဒီနေ့ပွဲစဉ်မှာတော့ ကျွန်တော်က အနိုင်အတွက်ရော၊ အရှုံးအတွက်ပါ အဆင်သင့် ပြင်ထားခဲ့ပါတယ်။ ဒါတွေက ကျွန်တော်တို့အတွက် အတွေ့အကြုံတွေပါပဲ။ ဒါပေမဲ့ အနိုင်ရလာတယ်ဆိုတော့ ပိုကောင်းတာပေါ့" လို့ အမ်မရီက ပြောခဲ့ပါတယ်။