The network connection is lost.

Banner Image

ယူနိုက်တက်ရဲ့ဒီရာသီအကောင်းဆုံးခေါ်ယူမှုက ဂိုးသမား ဆန်နီလမ်မန်းစ်ဖြစ်တယ်လို့ သုံးသပ်လိုက်တဲ့ ဟားဂရေ့ဗ်

အိုဝင်ဟားဂရေ့ဗ်က ဆန်နီလမ်မန်းစ်ကို မန်ချက်စတာယူနိုက်တက်ရဲ့ ဒီရာသီ အကောင်းဆုံးခေါ်ယူမှုအဖြစ် အမည်တပ် ပြောကြားလိုက်ပါတယ်။

ဆန်နီလမ်မန်းစ်ဟာ ရိုင်ယယ်အန့်ဝပ်အသင်းကနေ ပေါင် ၁၈.၁ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အန်ဒရေအိုနာနာရဲ့နေရာမှာ ယူနိုက်တက်ရဲ့ ဂိုးသမားအဖြစ် အစားထိုးဝင်ရောက်လာခဲ့သူပါ။

အသက် ၂၃ နှစ်အရွယ် ဂိုးသမားဟာ ပြီးခဲ့တဲ့ စနေနေ့က ဆန်းဒါးလန်းနဲ့ ကစားခဲ့တဲ့ အကြိတ်အနယ်ပွဲစဉ်မှာလည်း ပေးဂိုးမရှိအောင် ထပ်မံစွမ်းဆောင်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ အတွင်း ဆက်လက်ရပ်တည်နိုင်ဖို့ ကြိုးစားနေတဲ့ ယူနိုက်တက်အတွက် အရေးပါခဲ့ပါတယ်။ ယူနိုက်တက်ဂိုးသမားဟာ နိုအာဆာဒီကီရဲ့ တစ်ဦးချင်းအတွေ့ အပိုင်ကန်ချက်ကို ကာကွယ်နိုင်ခဲ့သလို ဒုတိယပိုင်းမှာလည်း ဘရိုင်ယန်ဘရော့ဘီရဲ့ ကန်ချက်ကို အရေးကြီးတဲ့ လက်စွမ်းပြမှုနဲ့ ကာကွယ်နိုင်ခဲ့တာပါ။

ပွဲအပြီးမှာတော့ ဟားဂရေ့ဗ်က ဘရိုင်ယန်ဘီမိုနဲ့ မားသီးယပ်စ်ကွန်ညာတို့လို ကစားသမားတွေထက် ဒီလူငယ်ဂိုးသမားက ပိုပြီး အကောင်းဆုံးခေါ်ယူမှု ဖြစ်လာနိုင်တယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။ "ဒီခေါ်ယူမှုတွေထဲမှာ အကောင်းဆုံးဖြစ်လာနိုင်တာ ဘယ်သူလဲဆိုတာ ကျွန်တော်ပြောပြမယ်၊ သူကတော့ ဆန်နီလမ်မန်းစ်ပါပဲ။ သူက ဘယ်လောက်ကုန်ကျခဲ့လို့လဲ။ သိပ်မများပါဘူး၊ ဒါကြောင့် သူက တကယ့်ကို တန်ဖိုးရှိတဲ့ ခေါ်ယူမှုပါ" လို့ ဟားဂရေ့ဗ်က TNT Sports ကို ပြောကြားခဲ့ပါတယ်။

"ယူနိုက်တက်က 'ဇယားအဆင့်တက်ဖို့နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ဘာကူညီပေးနိုင်မလဲ' ဆိုတာကို ကြည့်ခဲ့ပုံရတယ်။ အဲ့ဒါက ကွင်းလယ်လူအသစ် ဒါမှမဟုတ် ဂိုးသမားအသစ် မဟုတ်ဘဲ ဂိုးတွေရဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့က ပရီးမီးယားလိဂ်အတွေ့အကြုံရှိပြီး ဂိုး ၂၀ လောက်အထိ သွင်းပေးနိုင်မယ့် ကွန်ညာနဲ့ ဘီမိုတို့ကို ခေါ်ခဲ့တာပါ။ အခု ယူနိုက်တက် အဆင့် ၃ မှာ ရှိနေတာက ဒါကို သက်သေပြနေတာပဲ။ ဒါပေမဲ့ ကျွန်တော်ထင်တာကတော့ ဂိုးသမားနေရာကိုသာ သေချာမဖြေရှင်းနိုင်ခဲ့ရင် သူတို့ အခုလို အဆင့် ၄ အတွင်း ရှိနေမှာမဟုတ်ဘူး" လို့လည်း ဆိုပါတယ်။

ဆန်နီလမ်မန်းစ်ကတော့ အသင်းကို ချန်ပီယံလိဂ်ပြန်ဝင်နိုင်အောင် ကူညီပေးနိုင်ခဲ့တဲ့ သူ့ရဲ့ ပထမဆုံးရာသီအတွက် "ဂုဏ်ယူမိ" သလို နောက်ရာသီမှာလည်း အခုထက်ပိုပြီး ရှေ့ဆက်ကြိုးစားသွားဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ "ကျွန်တော်တို့ တိုးတက်လာနေပါပြီ၊ အခုက နောက်ထပ်တစ်ဆင့်တက်ဖို့ပါပဲ။ နောက်ရာသီက တကယ့်ကို ကြီးမားတဲ့ ရာသီတစ်ခု ဖြစ်လာမှာမို့ အားလုံးက ပိုပြီး ကြိုးစားကြရမှာပါ။ ဒီရာသီက အဆင်ပြေခဲ့ပေမဲ့ ဒါက ကျွန်တော်တို့ရဲ့ နောက်ဆုံးပန်းတိုင် မဟုတ်သေးပါဘူး။ ဒါကြောင့် အခုထက် ပိုကောင်းလာအောင် အခြေခံကနေ ဆက်ပြီး ကြိုးစားသွားရပါမယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။