The network connection is lost.

Banner Image

ပီအက်စ်ဂျီကို ဘိုင်ယန်မြူးနစ် ကျော်ဖြတ်နိုင်မယ်လို့ အခိုင်အမာယုံကြည်နေတဲ့ ဆာလီဟာမစ်ဇစ်နဲ့ ရူမင်နစ်ဂီ

ဘိုင်ယန်မြူးနစ်အသင်းရဲ့နာမည်ကျော်ကစားသမားဟောင်းနှစ်ဦးက ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ သူတို့ရဲ့အသင်းဟောင်း တက်ရောက်နိုင်မယ်လို့ အပြည့်အဝထောက်ခံအားပေးလိုက်ပါတယ်။

ဘိုင်ယန်မြူးနစ်ကစားသမားဟောင်းဖြစ်သလို တာဝန်ရှိသူဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဆာလီဟာမစ်ဇစ်က ပီအက်စ်ဂျီကို ဘိုင်ယန်မြူးနစ်အသင်း အနိုင်ယူပြီး ဘူဒါပတ်စ်ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်မယ်လို့ ယုံကြည်နေပါတယ်။

"ကွင်းတွင်း ၁၂ ဦးမြောက်ကစားသမားတွေဖြစ်တဲ့ ပရိသတ်တွေရဲ့ အားပေးမှု၊ အလိုင်းယန့်ဇ်အရီနာကွင်းကြီးရဲ့ ခံစစ်တံတိုင်းလို အားကောင်းမှုတွေကြောင့် ကျွန်တော်တို့မှာ အိမ်ကွင်းအားသာချက် အပြတ်အသတ်ရှိနေပါတယ်။ ဒါကြောင့် ဘိုင်ယန်မြူးနစ်ပဲ နောက်တစ်ဆင့်တက်သွားမယ်လို့ ကျွန်တော် အခိုင်အမာယုံကြည်တယ်" လို့ သူက TZ München ကို ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ကစားသမားတွေ အကောင်းဆုံးပုံစံမှာ ရှိနေကြသလို နိုင်ပွဲတွေလည်း ဆက်တိုက်ရနေတယ်။ ရှုံးတော့မယ့်ပွဲတွေကိုတောင် အနိုင်ရအောင် ပြန်ကစားနိုင်ခဲ့ကြပါတယ်။ ပီအက်စ်ဂျီနဲ့ပွဲစဉ်မှာ ကိုယ့်ကိုယ်ကိုယ် ဖိအားတွေပေးနေစရာ မလိုပါဘူး။ ပထမပိုင်းမှာ ၃ ဂိုးပြတ် ဦးဆောင်နေဖို့တောင် မလိုပါဘူး။ ပွဲပြီးခါနီး နောက်ဆုံးအချိန်တွေမှာ ကျွန်တော်တို့ရဲ့ကြံ့ခိုင်မှုအားသာချက်နဲ့တင် အနိုင်ရအောင် လုပ်နိုင်ပါလိမ့်မယ်" လို့ သူက ဆက်ပြောပါတယ်။

တစ်ဖက်မှာတော့ ဘိုင်ယန်မြူးနစ်ဂန္ထဝင်ကစားသမားကြီးရူမင်နစ်ဂီက ဆာလီဟာမစ်ဇစ်လောက် ယုံကြည်မှုအပြည့်နဲ့ အတိအကျကြီးမပြောခဲ့ပေမဲ့ ဘိုင်ယန်မြူးနစ်မှာ အနိုင်ရဖို့အတွက် အရည်အချင်းရှိတယ်လို့ ခံစားနေရပါတယ်။

"ကြီးမားတဲ့အောင်မြင်မှုတွေရဖို့ဆိုရင် နှိမ့်ချမှု၊ စစ်မှန်တဲ့အသင်းလိုက်စိတ်ဓာတ်နဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ လိုအပ်ပါတယ်။ အသင်းမှာ အဲဒီအချက်တွေ အားလုံးရှိနေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ သူတို့က ပီအက်စ်ဂျီအပေါ် လေးစားမှုရှိသလို ကိုယ့်အသင်းအားသာချက်ကိုလည်း ကောင်းကောင်းသိကြပါတယ်"

"သူတို့တွေက 'တစ်ဦးအတွက်အားလုံး၊ အားလုံးအတွက်တစ်ဦး' ဆိုတဲ့ သူရဲကောင်းသုံးဖော်လိုမျိုး တိုက်ပွဲဝင်ကြပြီး ဒီရာသီ၊ အလိုင်းယန့်ဇ်အာရီနာကွင်းမှာပဲ ဂိုး ၈၀ ကျော် သွင်းထားပြီးပါပြီ။ နောက်ပြီး ကွန်ပနီလည်း ကွင်းဘေးနားပြန်လာပြီး အသင်းကိုကိုင်တွယ်ဖို့ရှိလို့ ဝမ်းသာမိပါတယ်"

"ပဲရစ်မှာတုန်းကတော့ သူက သတင်းထောက်တွေနဲ့အတူ ထိုင်ကြည့်နေရလို့ သိပ်ပြီးပျော်ပုံမရဘူး။ ကျွန်တော့်ရဲ့အသင်းကို အခိုင်အမာယုံကြည်သလို ဘူဒါပတ်စ်ဆီသွားနိုင်မယ့်လက်မှတ်ကိုလည်း အရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ ရူမင်နစ်ဂီက ရှင်းပြခဲ့ပါတယ်။