ပုံမှန်ပွဲထွက်ခွင့်ရရှိရေးအတွက် ပီအက်စ်ဂျီမှ ထွက်ခွာဖို့ ကြိုးပမ်းနေတဲ့ ဂွန်ကာလို ရာမို့စ်
ပီအက်စ်ဂျီ အသင်းရဲ့ တိုက်စစ်မှူး ဂွန်ကာလို ရာမို့စ်ဟာ ပုံမှန်ပွဲထွက်ကစားခွင့် ပိုမိုရရှိဖို့အတွက် ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။
အသက် ၂၄ နှစ်အရွယ် ဒီကစားသမားဟာ ပီအက်စ်ဂျီ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ လူရွေးချယ်စရာတွေ အများကြီးရှိနေတာကြောင့် ဒီရာသီမှာ အရန်ကစားသမားအဖြစ်နဲ့ပဲ အချိန်အများစုကို ကုန်ဆုံးခဲ့ရပါတယ်။ သူဟာ ပြင်သစ်လီဂူးပွဲစဉ် ၂၇ ပွဲ ကစားပေးခဲ့ရာမှာ ၁၂ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပြီး ၆ ဂိုး သွင်းယူပေးထားတာပါ။
နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ ရာမို့စ်ဟာ ပုံမှန်ပွဲထွက်ကစားခွင့် ပိုရမယ့်နေရာကို ရှာဖွေဖို့အတွက် အခုအခါမှာ ပြင်သစ်ထိပ်တန်းကလပ်ကနေ ထွက်ခွာဖို့ လမ်းဖွင့်ထားပြီ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ရာမို့စ်အနေနဲ့ ရာသီကုန်ခါနီး ကျန်ရှိနေတဲ့ ပွဲစဉ်တွေမှာ ပီအက်စ်ဂျီ အသင်း လီဂူးဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ဆွတ်ခူးနိုင်အောင် ကူညီပေးဖို့ကိုပဲ အာရုံစိုက်ထားတယ်လို့ နားလည်ရပါတယ်။
ရိုမာနိုကပဲ ဆက်လက်ပြောကြားရာမှာ ထိပ်တန်းကလပ်အသင်း အချို့က ရာမို့စ်ရဲ့ အခြေအနေကို စောင့်ကြည့်နေကြပေမဲ့ ဘယ်အသင်းတွေဖြစ်မလဲဆိုတာကတော့ အတိအကျ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။