အမ်းမရိတ်စ်ကွင်းတွင်းအားပေးမှုအခြေအနေနဲ့ပတ်သက်လို့ အံ့အားသင့်ဖွယ်ဝန်ခံလာတဲ့ ဝိန်းရွန်းနီ
အက်သလက်တီကိုမက်ဒရစ်ကို အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်ရဲ့ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အမ်းမရိတ်စ်ကွင်းတွင်း ပရိသတ်တွေရဲ့အားပေးမှုပုံစံက အိုးထရက်ဖို့ဒ်ကွင်းထက်ပင် ပိုပြီးကောင်းမွန်တယ်လို့ ဝိန်းရွန်းနီက ပြောကြားခဲ့ပါတယ်။
ဆာကာရဲ့ ပထမပို်ငးပွဲချိန်ပြီးဆုံးခါနီးသွင်းယူခဲ့တဲ့ တစ်လုံးတည်းသောဂိုးက ဂန်းနားတွေရဲ့ ဗိုလ်လုပွဲခရီးစဉ်အတွက် လုံလောက်စေခဲ့ပြီး ပရိသတ်တွေကြားမှာလည်း အကြီးအကျယ်ပျော်ရွှင်အောင်ပွဲခံမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
ပွဲစဉ်အပြီး ယူနိုက်တက်ဂန္ထဝင်ရွန်းနီက အမ်းမရိတ်စ်ကွင်းတွင်း အံ့အားသင့်ဖွယ် အားပေးမှုပုံစံကြောင့် အထူးတုန်လှုပ်မိပြီး သူနောက်ဆုံးအကြိမ်လာကစားခဲ့တဲ့ မြောက်လန်ဒန်ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်ထက်တောင် အများကြီး ပိုကောင်းနေတယ်လို့ ဆိုပါတယ်။
"ကျွန်တော် မန်ချက်စတာယူနိုက်တက်အတွက် ဒီကွင်းမှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် လာကစားဖူးပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ကာလ၊ ပရိသတ်တွေရဲ့အားပေးမှုက ဒီနေ့လိုမျိုးအခြေအနေအနားတောင် မကပ်နိုင်ပါဘူး" လို့ ရွန်းနီက ဝန်ခံခဲ့ပါတယ်။ "အာတီတာနဲ့ အသင်းဘုတ်အဖွဲ့ဝင်တွေက ချီးကျူးမှုနဲ့ ထိုက်တန်ပါတယ်။ ဒီနှစ်တော့ အာဆင်နယ်အလှည့်ရောက်ပြီလို့ပဲ ကျွန်တော်ထင်ပါတယ်" လို့လည်း သူက ဆိုပါတယ်။
ရွန်းနီက သူပါဝင်တဲ့ မန်ချက်စတာယူနိုက်တက်အသင်း ၂၀၀၉ ခုနှစ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်၊ အမ်းမရိတ်စ်ကွင်းမှာ အာဆင်နယ်ကို ၃-၁ ဂိုးဖြင့်အနိုင်ယူခဲ့တဲ့အချိန်ဆီ ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီတုန်းက သရဲနီတွေက ဖိုင်နယ်မှာ အစွမ်းထက်လှတဲ့ ဘာစီလိုနာကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ လာမယ့် မေ ၃၀ ရက်၊ စနေနေ့မှာတော့ အာဆင်နယ်က ဘိုင်ယန်မြူးနစ် (သို့မဟုတ်) ပီအက်စ်ဂျီအသင်းနဲ့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရပါမယ်။