မိုင်နူးနဲ့ မက်ဂွါရီတို့ကို စာချုပ်သစ်ချုပ်ဆိုတော့မယ့် ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဟယ်ရီမက်ဂွါရီနဲ့ ကိုဘီမိုင်နူးတို့အတွက် စာချုပ်သစ်ချုပ်ဆိုမယ့်အကြောင်း မကြာခင်မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ အခုအခါမှာ နိုင်ငံတကာပွဲစဉ်တွေ ပြီးဆုံးသွားပြီဖြစ်လို့ ယူနိုက်တက်အသင်းအနေနဲ့ နောက်ခံလူ မက်ဂွါရီနဲ့ ကွင်းလယ်လူ မိုင်နူးတို့ရဲ့ သဘောတူညီမှုတွေကို အပြီးသတ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမာနိုက "မန်ချက်စတာယူနိုက်တက်ဟာ နိုင်ငံလက်ရွေးစင်အသင်းတွေကနေ ပြန်လာကြတဲ့ ဟယ်ရီမက်ဂွါရီနဲ့ ကိုဘီမိုင်နူးတို့ရဲ့ စာချုပ်သစ်ကိစ္စတွေကို ကမ္ဘာ့ဖလားမတိုင်ခင်မှာ အရှိန်မြှင့်ပြီး တရားဝင် အပြီးသတ်နိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အခုရာသီမကုန်ခင်မှာ အားလုံးကို လက်မှတ်ထိုးနိုင်ဖို့က အသင်းရဲ့ ရည်မှန်းချက်ပါပဲ။ ကိုဘီမိုင်နူးကို ၂၀၃၁ အထိ စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး ဟယ်ရီမက်ဂွါရီကိုတော့ ၂၀၂၇ အထိ တစ်နှစ်သက်တမ်းတိုးမှာဖြစ်ကာ နောက်ထပ်တစ်နှစ် ထပ်တိုးနိုင်ခွင့် (option) လည်း ပါဝင်မှာပါ။ မိုင်နူးနဲ့ ဆွေးနွေးမှုတွေက အတော်လေး ရှေ့ရောက်နေသလို မကြာခင်မှာ လက်မှတ်ထိုးတော့မယ့် မက်ဂွါရီနဲ့လည်း အားလုံးနီးပါး သဘောတူညီမှု ရရှိနေပါပြီ။ မန်ယူအသင်းအနေနဲ့ အရာအားလုံးကို ရာသီမကုန်ခင် ကြေညာဖို့ စီစဉ်ထားပါတယ်။ ဒါဟာ ကလပ်အသင်းရဲ့ ဆန္ဒဖြစ်ပြီး လက်ရှိမှာ ကစားသမားတွေဘက်က ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းမှုတွေကလည်း အကောင်းဆုံး အခြေအနေမှာ ရှိနေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။