The network connection is lost.

Banner Image

ဟေးလ်ဒစ်ကင်ဆန်ကွင်းမှာ ဥရောပပွဲစဉ်တွေ မြင်တွေ့ချင်နေတဲ့ အဲဗာတန်ဂန္ထဝင် ဘရေ့စ်ဝဲလ်

အဲဗာတန်ကွင်းလယ်လူဟောင်းပေါလ်ဘရေ့စ်ဝဲလ်က သူတို့ရဲ့ဟေးလ်ဒစ်ကင်ဆန်ကွင်းသစ်ကြီးမှာ ဥရောပအဆင့်ဘောလုံးပွဲစဉ်တွေကို မြင်တွေ့ချင်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဘရေ့စ်ဝဲလ်က အဲဗာတန်အသင်းနဲ့အတူ အမှတ်ပေးဖလား (First Division) နဲ့ ဥရောပရှုံးထွက်ချန်ပီယံဖလား (European Cup-Winners’ Cup) တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူက Liverpool Echo နဲ့တွေ့ဆုံချိန် သူက "အားကစားကွင်းကြီးက တကယ်ကို ခမ်းနားပါတယ်။ ပြီးခဲ့တဲ့စနေနေ့၊ ချယ်လ်ဆီးနဲ့ပွဲစဉ်မှာပြသခဲ့တဲ့ခြေစွမ်းနဲ့ ပရိသတ်တွေရဲ့အားပေးမှုအငွေ့အသက်တွေက အဲဗာတန်အသိုက်အဝန်းတစ်ခုလုံး မျှော်လင့်စောင့်စားနေခဲ့တဲ့ ပုံစံမျိုးပါပဲ။"

"ကျွန်တော်တို့တွေက အတိတ်ကာလဥရောပအောင်မြင်မှုညချမ်းတွေကို ဂုဏ်ယူခဲ့ကြဖူးတယ်၊ အခုလည်း နောက်ထပ်အောင်မြင်မှုတွေအတွက် မျှော်လင့်လိုက်ကြရအောင်။"

"အိမ်ကွင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ရတယ်ဆိုတာ အမြဲတမ်းခက်ခဲပါတယ်။ ဆန်းဒါးလန်းအသင်းရဲ့ ရိုကာပတ်ခ် (Roker Park)မှ အလင်းရောင်ကွင်း (Stadium of Light) ဆီ ပြောင်းရွှေ့ချိန်မှာလည်း ကျွန်တော်က ပီတာရိဒ်နဲ့အတူ ရှိနေခဲ့သလို တော့တင်ဟမ်မှာ အကယ်ဒမီနည်းပြအဖြစ်တာဝန်ယူချိန်မှာလည်း အခုလိုအခြေအနေမျိုးကို ကြုံခဲ့ဖူးပါတယ်။"

"ကိုယ့်ကွင်းကို ပြိုင်ဘက်တွေအတွက် အနိုင်ရဖို့ခက်ခဲတဲ့ ခံတပ်တစ်ခုဖြစ်အောင် တည်ဆောက်ရပါမယ်။ ဂူဒီဆင်ပတ်ခ်မှာ အဲဗာတန်တို့ လုပ်ပြနိုင်ခဲ့သလိုမျိုး ဒီကွင်းသစ်မှာလည်း လုပ်ဆောင်နိုင်မယ်ဆိုရင် ပရိသတ်တွေရော ကလပ်အသင်းအတွက်ပါ အရမ်းကို ကောင်းမွန်ပါလိမ့်မယ်။"

"ပီတာရိဒ်၊ အေဒရီယန်ဟိသ်တို့နဲ့အတူ ကျွန်တော် စကားပြောဖြစ်ခဲ့တယ်။ သူတို့လည်း ချယ်လ်ဆီးကို အနိုင်ရခဲ့တဲ့ပွဲစဉ်က ကွင်းသစ်ကြီးမှာ ပရိသတ်တွေရဲ့ အားပေးသံတွေနဲ့အတူ တစ်ကွင်းလုံး တုန်ဟီးသွားတဲ့ ပထမဆုံးအကြိမ်ခံစားချက်လို့ ပြောကြတယ်။ ဒီကွင်းကြီးက ဘယ်လောက်အထိ စွမ်းဆောင်ရည်ရှိမလဲဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ အဲဗာတန်သာ ဥရောပဝင်ခွင့်ရခဲ့မယ်ဆိုရင် အဲဒီလိုဥရောပညတွေကို ဒီမှာကြည့်ရှုရတယ်ဆိုတာ တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းပါလိမ့်မယ်။"

"ကျွန်တော်က ဆန်းဒါးလန်းမှာ ဒေးဗစ်မိုယက်စ်ရဲ့လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ သူက ဝက်စ်ဟမ်းဆီသွားပြီး ဥရောပဖလား ရခဲ့ပါသေးတယ်။ ဒါက ကြီးမားတဲ့ မျှော်လင့်ချက်တစ်ခုဖြစ်ပေမဲ့ ကျွန်တော်ပြောသလိုပဲ၊ ဒီကွင်းမှာ ဥရောပပွဲတွေ လာကြည့်ချင်ပါတယ်။ ဒေးဗစ်မိုယက်စ်ကိုယ်တိုင်လည်း ဒါမျိုးဖြစ်လာဖို့ ဘာတွေလိုအပ်သလဲဆိုတာ ကောင်းကောင်းသိပါတယ်" လို့ ပြောကြားသွားခဲ့ပါတယ်။