တော့တင်ဟမ်အသင်းဘုတ်အဖွဲ့ဆီ ရှင်းလင်းပြတ်သားတဲ့ သတင်းစကားတစ်ခုကို ပေးပို့လိုက်တဲ့ အက်ဒီဟတ်တာ
မိုနာကိုနည်းပြဟောင်းအက်ဒီဟက်တာက တော့တင်ဟမ်နည်းပြသစ်ဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ပယ်ချလိုက်ပါတယ်။
တော့တင်ဟမ်က ယာယီနည်းပြအီဂေါတူဒေါကို ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ထုတ်ပယ်ခဲ့ပြီးနောက် သူတို့ရဲ့အဓိကဦးစားပေးနည်းပြအဖြစ် ဒီဇာဘီကို သတ်မှတ်ခဲ့ပါတယ်။
ဒါပေမဲ့ မာဆေးလ်နည်းပြဟောင်းဒီဇာဘီက လာမယ့်နွေရာသီကာလမှသာ အသင်းကိုကိုင်တွယ်ဖို့ ဆန္ဒရှိနေလို့ တော့တင်ဟမ်ဘက်မှာလည်း နောက်ထပ်ယာယီနည်းပြတစ်ဦးခန့်အပ်ရမယ့်အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။
တော့တင်ဟမ်အတွက် ယာယီနည်းပြအဖြစ် အက်ဒီဟက်တာ တာဝန်ယူမယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပေမဲ့ အခုရာသီအစောပိုင်း၊ မိုနာကိုနည်းပြရာထူးကို စွန့်လွှတ်ခဲ့ရသူက နည်းပြလောကဆီ ချက်ချင်းပြန်ဝင်ဖို့ အလောတကြီးမဖြစ်သေးဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
Sky Sports Austria နဲ့ အင်တာဗျူးမှာ ဟက်တာက "ပြီးခဲ့တဲ့ ရက်ပိုင်းနဲ့ သီတင်းပတ်တွေအတွင်း ကျွန်တော့်ကို ကလပ်အသင်းတွေ အများကြီးနဲ့ ဆက်စပ်ပြီး သတင်းတွေထွက်ခဲ့ပါတယ်။
ဒါပေမဲ့ မိုနာကိုမှထွက်ခွာလာပြီးနောက် ကျွန်တော် ပြောခဲ့ဖူးသလိုပါပဲ၊ အခြေခံအားဖြင့်တော့ အစောဆုံးအဖြစ် ရာသီသစ်စတင်ချိန်မှသာ နည်းပြချုပ်အဖြစ် ပြန်အလုပ်လုပ်ချင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ သဘောထားက အခုထိ မပြောင်းလဲသေးပါဘူး" လို့ ပြောခဲ့ပါတယ်။