The network connection is lost.

Banner Image

ယာဉ်မောင်းလိုင်စင်နဲ့ အာမခံဆိုင်ရာ ချိုးဖောက်မှုတွေကြောင့် ပြစ်ဒဏ်ချမှတ်ခံရတဲ့ ချဲလ်ဆီးကြယ်ပွင့် ကိုင်စီဒို

တရားဝင်ယာဉ်မောင်းလိုင်စင် သို့မဟုတ် အာမခံမပါဘဲ မော်တော်ယာဉ်မောင်းနှင်မှုအတွက် ပြစ်မှုထင်ရှားစီရင်ခံရပြီးနောက် ချဲလ်ဆီးကွင်းလယ်လူကိုင်စီဒိုက ယာဉ်မောင်းနှင်မှုဆိုင်ရာရမှတ် ၈ မှတ်လျော့ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ၁,၄၄၄ ပေါင် ကျခံလိုက်ရပါတယ်။

Daily Mail သတင်းစာရဲ့ ဖော်ပြချက်အရ ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ချဲလ်ဆီးရဲ့ ကော့ဘ်ဟမ်လေ့ကျင့်ရေးကွင်းအနီး ပေါ်ပေါက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုအတွက် ကိုင်စီဒိုကို အခုသီတင်းပတ်ထဲမှာ ခရောလေရာဇဝတ်တရားရုံးမှ ဆင့်ခေါ်ခဲ့ပါတယ်။

အီကွေဒေါလက်ရွေးစင်ကစားသမားက ပေါင် ၁၆၀,၀၀၀ တန် Audi RSQ8 ကားကို မောင်းနှင်နေစဉ် တားဆီးစစ်ဆေးခံရပြီး နောက်ပိုင်းမှာ သူ့ရဲ့ကားကို သက်ဆိုင်ရာက သိမ်းဆည်းခဲ့ပါတယ်။ ချဲလ်ဆီးဘက်ကတော့ အဲ့ဒီဖြစ်ရပ်ကို "ပုဂ္ဂိုလ်ရေးကိစ္စတစ်ခု" အဖြစ် ဖော်ပြခဲ့ပါတယ်။

အခုအမှတ်လျော့ပြစ်ဒဏ်ကြောင့် မော်တော်ယာဉ်မောင်းနှင်မှုဆိုင်ရာစည်းမျဉ်းအရ ယာဉ်မောင်းနှင်ခွင့်ပိတ်ပင်မှုပြစ်ဒဏ် ပေါ်ပေါက်လာနိုင်တဲ့ ၁၂ မှတ်ကန့်သတ်ချက်အထိ ရောက်ရှိသွားဖို့အတွက် ကိုင်စီဒိုမှာ လေးမှတ်သာ လိုအပ်ပါတော့တယ်။

ဒါ့အပြင် အသက် ၂၄ နှစ်အရွယ်ကစားသမားကိုယ်တိုင် သူ့ကိုယ်ပိုင်မော်တော်ယာဉ်အတွက် မှန်ကန်တဲ့စာရွက်စာတမ်းအထောက်အထားတွေ ရယူထားဖို့ကိုလည်း အမိန့်ချမှတ်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ ဘရိုက်တန်မှ ပေါင် ၁၁၅ သန်းဖြင့် ချဲလ်ဆီးဆီရောက်ရှိလာတဲ့ ကိုင်စီဒိုအတွက် ခြေသလုံးကြွက်သားဒဏ်ရာ ခံစားနေရချိန် အခုလိုကွင်းပြင်ပပြဿနာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။