The network connection is lost.

Banner Image

အင်္ဂလန်လက်ရွေးစင်အသင်းမှာ နောက်တစ်ကြိမ်ပါဝင်နိုင်ဖို့ ပစ်မှတ်ထားနေသလို ဝေဖန်မှုတွေကို လောင်စာအဖြစ် အသုံးချနေတဲ့ ဟန်ဒါဆန်

ဂျော်ဒန်ဟန်ဒါဆန်က ချဲလ်ဆီးမှာ အကောင်းဆုံးခြေစွမ်းပြသနေမှုနဲ့အတူ အသက် ၃၆ နှစ်အရွယ်မှာတောင် သူ့ရဲ့အင်္ဂလန်လက်ရွေးစင်အိပ်မက်ကို လက်လျှော့သွားဖို့ မရှိသေးပါဘူး။

ဟန်ဒါဆန်ရဲ့အတွေ့အကြုံနဲ့ ခေါင်းဆောင်မှုစွမ်းရည်တွေကို အသင်းဆီ ဖြည့်ဆည်းပေးဖို့ နည်းပြဇာဘီအလွန်ဆို ရည်ရွယ်ခဲ့မှုနဲ့အတူ ပရိသတ်တွေအတွက် အံ့အားသင့်ဖွယ် လှုပ်ရှားမှုတစ်ခုအဖြစ် ပြီးခဲ့တဲ့နွေရာသီကာလအတွင်း အင်္ဂလန်သားက ချဲလ်ဆီးဆီ အလွတ်ပြောင်းရွှေ့ကြေးဖြင့် နှစ်နှစ်စာချုပ်ချုပ်ဆိုကာ ရောက်ရှိလာခဲ့ပါတယ်။

ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဆုဖလားရှင်ကွင်းလယ်လူက အခုလအစောပိုင်း၊ ဘုန်းမောက်နဲ့ပွဲစဉ်မှာ နှစ်ဂိုးသွင်းယူခဲ့သလို သူ့ရဲ့ဒုတိယမြောက်ဂိုးမှာလည်း အံ့အားသင့်ဖွယ် ဖရီးကစ်ကန်ချက်မှတဆင့် သွင်းယူခဲ့ခြင်းဖြစ်လို့ သူ့အပေါ် သံသယရှိသူတွေ မှားယွင်းတယ်ဆိုတာကို ဆက်လက်သက်သေပြနေပါတယ်။

ဒါကြောင့် အင်္ဂလန်နည်းပြသောမတ်စ်တူချယ်လ်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲလူစာရင်းမှာ ပါဝင်ခဲ့ဖူးတဲ့ ဟန်ဒါဆန်ကို နောက်လာမယ့်နိုင်ငံတကာအဆင့်ပြိုင်ပွဲကြီးတွေမှာ ပါဝင်လာဦးမလားဆိုတာ ပရိသတ်တွေကိုယ်တိုင် သိချင်နေကြပါတယ်။

အင်္ဂလန်အသင်းနဲ့ပတ်သက်တဲ့ ရည်မှန်းချက်တွေအကြောင်း ပြောဆိုချိန် ဝေဖန်သူတွေ မှားယွင်းတယ်ဆိုတာ သက်သေပြဖို့ အမြဲတမ်းစိတ်အားထက်သန်နေတဲ့ ဟန်ဒါဆန်က အင်္ဂလန်အသင်းမှာပါဝင်ဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်တဲ့ ပစ်မှတ်တစ်ခု မဟုတ်ဘူးလို့ ဆိုပါတယ်။

လီဗာပူးကပ္ပတိန်ဟောင်းက "အင်္ဂလန်အတွက်ကစားချင်တဲ့ဆန္ဒ ကျွန်တော့်ဆီမှာ အမြဲတမ်း ရှိနေပါတယ်။ ကျွန်တော်က အမြင့်မားဆုံးအဆင့်မှာ ကစားနိုင်သေးတယ်လို့ ခံစားနေရဆဲဖြစ်ပေမဲ့ ချဲလ်ဆီးမှာ ကိုယ့်တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်ပြီး ခြေစွမ်းပြကာ စောင့်ကြည့်သွားရပါမယ်။ အင်္ဂလန်လက်ရွေးစင်အသင်းဆိုတာ ကျွန်တော့်အတွက် အမြဲတမ်းဂုဏ်ယူစရာနဲ့ အရေးကြီးတဲ့ အရာတစ်ခုပါ။ အမြင့်မားဆုံးအဆင့်မှာ ကစားနေရတယ်လို့ ခံစားရရင်တော့ သေချာပေါက် အမြဲတမ်းပါဝင်ချင်ပါလိမ့်မယ်"

"ပွဲတွေကစားနိုင်ပြီး ကြံ့ခိုင်မှုကောင်းမွန်နေသရွေ့ လက်ရွေးစင်အသင်းမှာ ပြန်အရေးချယ်ခံဖို့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း အခွင့်အရေးပေးချင်ပါတယ်။ ဒါကတော့ နည်းပြနဲ့ အသင်းလူစာရင်းရွေးချယ်မှုဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ မူတည်နေပါတယ်။ ကျွန်တော့်အတွက်တော့ ခြေစွမ်းဆက်လက်ပြသနေဖို့သာ လိုအပ်ပြီး အခြေအနေတွေ ဘယ်လိုပဲဖြစ်လာပါစေ ရင်ဆိုင်သွားဖို့ပဲ ရှိပါတယ်"

"ကျွန်တော် စိန်ခေါ်မှုတွေမှာ ပျော်မွေ့နေပါတယ်။ ကျွန်တော် ဒီကိုရောက်လာတော့ လူတော်တော်များများက ဒီအပြောင်းအရွှေ့အကြောင်း ပြောဆိုခဲ့ကြပေမဲ့ ကျွန်တော့်အတွက်ကတော့ ကွင်းထဲမှာပဲ သက်သေပြဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ထိပ်တန်းကစားသမားတွေနဲ့ တွဲဖက်ကစားရချိန် အလွန်အထောက်အကူဖြစ်ပြီး အသင်းနဲ့လည်း တသားတည်း ဖြစ်လာနေပြီလို့ ခံစားရပါတယ်"

"တခြားသူတွေရဲ့ပြောစကားကို ကျွန်တော် အရမ်းကြီး မတွေးပါဘူး။ အသင်းမှာရှိတဲ့ အခြားကစားသားတွေလိုပဲ ကျွန်တော့်မှာလည်း အရေးပါတဲ့အခန်းကဏ္ဍတစ်ခု ရှိနေလို့ ကျွန်တော် ဖြည့်ဆည်းပေးနိုင်သမျှ အရာရာတိုင်းကို အစွမ်းကုန်ပေးဆပ်သွားဖို့ပဲ လိုအပ်ပါတယ်။ တဖက်မှာလည်း သူတို့က ကျွန်တော့်ကို ပြန်ကူညီပေးကြပါတယ်။ ကျွန်တော်က လူငယ်ကစားသမားတွေကို ကူညီဖို့သက်သက် ရောက်လာတာမျိုး မဟုတ်ပါဘူး။ လူငယ်ကစားသမားတွေကလည်း အတွေ့အကြုံရင့်ကစားသမားတွေကို ပြန်လည်ကူညီပေးနိုင်ပါတယ်။ ကျွန်တော် သင်ယူနေဆဲဖြစ်သလို ဆက်လက်တိုးတက်နေဆဲပါပဲ"

"မတူညီတဲ့အမြင်တွေ အများကြီးရှိနေနိုင်ပေမဲ့ လူတွေ မှားယွင်းတယ်ဆိုတာ နောက်တစ်ကြိမ်သက်သေပြနိုင်ဖို့အတွက် အဲဒါတွေကို လောင်စာတစ်ခုအဖြစ်၊ စွမ်းအင်တစ်ခုအဖြစ် အသုံးချဖို့ ကြိုးစားပါတယ်။ ကျွန်တော့်ရဲ့အလုပ်ကို ကွင်းထဲမှာပဲ လုပ်ပြချင်တာပါ။ ကွင်းထဲမှာပဲ ကျွန်တော် စကားပြောချင်ပါတယ်" လို့ ပြောပါတယ်။

ဟန်ဒါဆန်က ချဲလ်ဆီးရဲ့ပရီးမီးယားလိဂ်နောက်ဆုံးသုံးပွဲဆက် ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပြီး အလွန်ဆိုအတွက် အရေးပါတဲ့ကစားသမားတစ်ဦးဆိုတာ သက်သေပြနေပြီး တူချယ်ရဲ့လူစာရင်းမှာ ပါဝင်လာဖို့အတွက် အစွမ်းကုန်ကြိုးပမ်းနေပါတယ်။