ဆန်းဒါးလန်းနဲ့ပွဲစဉ်က ဒီရာသီရဲ့ အကြီးမားဆုံးပွဲစဉ်ဖြစ်တယ်လို့ဆိုလာတဲ့ အီလန်ဂါ
နယူးကာဆယ်ယူနိုက်တက် တောင်ပံကစားသမား အန်တိုနီ အီလန်ဂါဟာ ဒီနေ့ကစားမယ့် ဆန်းဒါးလန်းနဲ့ ဒါဘီပွဲစဉ်မတိုင်ခင်မှာ သူ့ရဲ့ ကြံ့ခိုင်မှုပိုင်းက အကောင်းဆုံးအနေအထားမှာ ရှိနေတယ်လို့ ခံစားနေရပါတယ်။
ပြီးခဲ့တဲ့ ကြားရက်က ဘာစီလိုနာကွင်းမှာ ၇ ဂိုး - ၂ ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပေမဲ့ အဲဒီညက နယူးကာဆယ်အတွက် ချေပဂိုး နှစ်ဂိုးစလုံးကို အီလန်ဂါကပဲ သွင်းယူပေးခဲ့တာပါ။
စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းမှာ ကစားမယ့်ပွဲစဉ်မတိုင်ခင် ဆွီဒင်ကစားသမားက "ဒါက ကျွန်တော်တို့ကို ထပ်ပြီး စိတ်ဓာတ်တက်ကြွစေမှာပါ၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပရီးမီးယားလိဂ်ကို ပြန်ရောက်လာပြီလေ။ ပြီးခဲ့တဲ့ နှစ်ပွဲမှာ ရရှိခဲ့တဲ့ အရှိန်အဟုန်ကို ဆက်ထိန်းထားပြီး ပိုကောင်းအောင် တည်ဆောက်သွားချင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
"ဒါဟာ ဒီရာသီရဲ့ အကြီးမားဆုံးပွဲစဉ်ပါ။ ကျွန်တော်တို့ ပရိသတ်တွေကိုလည်း အကြွေးပြန်ဆပ်ရပါမယ်၊ အထူးသဖြင့် ဒီရာသီမှာ ဆန်းဒါးလန်းနဲ့ ပထမဆုံးအကြိမ် ကစားခဲ့တုန်းက အခြေအနေကြောင့်ပါ။ ကျွန်တော်တို့ တည်ဆောက်နေတဲ့ စွမ်းအင်နဲ့ အရှိန်အဟုန်ကို အသုံးချပြီး စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းကြီး တစ်ခဲနက် အားပေးသံတွေနဲ့ ဆူညံသွားအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်" လို့လည်း ဆိုပါတယ်။
ဘာစီလိုနာနဲ့ပွဲမှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး "ကိုယ်ရေးကိုယ်တာအရတော့ အဲဒါအတွက် တကယ် ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျွန်တော်က ရည်မှန်းချက်ကြီးတဲ့သူပါ။ အဲဒီဂိုးတွေကို နိုင်ပွဲတွေအဖြစ် ပြောင်းလဲချင်ပါတယ်။ အသင်း နောက်တစ်ဆင့်တက်နိုင်အောင် ကူညီပေးချင်တာက ကျွန်တော့်ရဲ့ ရည်မှန်းချက်ပါပဲ" လို့ အီလန်ဂါက ထပ်လောင်းပြောပါတယ်။
"ဒီကွင်းမှာ နှစ်ဂိုးသွင်းနိုင်ခဲ့လို့ ဟုတ်ပါတယ်၊ ကျွန်တော် ပျော်ပါတယ်။ ငယ်ငယ်လေးကတည်းက ဒီလိုကွင်းမျိုးမှာ ကစားခွင့်ရဖို့က အိမ်မက်တစ်ခုပါပဲ။ ဒါကြောင့် ဒီအရှိန်အဟုန်ကိုယူပြီး လာမယ့် တနင်္ဂနွေနေ့မှာ ဒီထက်ပိုကောင်းတဲ့ ရလဒ်ထွက်ပေါ်လာအောင် ကျွန်တော် ကြိုးစားသွားပါမယ်" လို့ ဆိုခဲ့ပါတယ်။