နယူးကာဆယ်နဲ့ပွဲမှာ ဂိုးပြန်သွင်းနိုင်မယ်လို့ ဆန်းဒါးလန်းတိုက်စစ်မှူး ဘရိုင်ယန် ဘရော့ဘီ ယုံကြည်ချက်ရှိနေ
ဆန်းဒါးလန်းတိုက်စစ်မှူး ဘရိုင်ယန် ဘရော့ဘီက ဒီနေ့ကစားမယ့် နယူးကာဆယ်နဲ့ပွဲမှာ ဂိုးတွေပြန်သွင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ ခံစားနေရပါတယ်။ ဘရော်ဘီဟာ ဆန်းဒါးလန်းအသင်းအတွက် ကစားပေးခဲ့တဲ့ နောက်ဆုံး ၅ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေသူပါ။
ဒါပေမဲ့ သူက The Sun သတင်းစာကို အခုလိုပြောခဲ့ပါတယ်။ "ယုံကြည်မှုလား? ရှိတာပေါ့၊ အမြဲတမ်းရှိပါတယ်။ ယုံကြည်မှုမရှိရင် ဘောလုံးကစားလို့ မရဘူးလေ။ မျှော်လင့်ပါတယ်။ ဘုရားသခင်အလိုရှိမယ်ဆိုရင် ကျွန်တော် ဂိုးတွေသွင်းပေးနိုင်မှာပါ။ ပွဲတိုင်းကတော့ အတူတူပါပဲ။ ဒါဘီပွဲဖြစ်လို့ဆိုပြီး ထူးခြားပြီးကွဲပြားသွားတာမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ဘက်က ရာနှုန်းပြည့် အားထုတ်ဖို့ပဲ လိုပါတယ်။ တနင်္ဂနွေနေ့မှာ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့။"
ဒီရာသီအစောပိုင်း ဆန်းဒါးလန်းကွင်းမှာ ကစားခဲ့တုန်းကလည်း သူတို့အနိုင်ရခဲ့ပြီး အဲဒီပွဲနဲ့ပတ်သက်လို့ ဒီဒတ်ခ်ျလူမျိုးကစားသမားက "အဲဒီတုန်းက အခြေအနေက တကယ်ကောင်းပါတယ်။ ကျွန်တော် အရမ်းပျော်ခဲ့သလို ပွဲကစားတဲ့ဝန်းကျင်ကလည်း တကယ်ကို အားရစရာပါ။ အခုလည်း အဲဒီမှာ ကျွန်တော်တို့ အကောင်းဆုံး စွမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။