ကာရာဘောင်းဗိုလ်လုပွဲက အရမ်းခက်ခဲနိုင်တယ်လို့ ခန့်မှန်းပြောကြားလာတဲ့ ဟင်ကာပီ
ဒီတစ်ပတ်ပိတ်ရက်မှာကစားမယ့် ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ မန်စီးတီးနဲ့ ရင်ဆိုင်ဖို့ သူတို့အသင်း အဆင်သင့်ဖြစ်နေပြီလို့ အာဆင်နယ်နောက်ခံလူ ပီယေရိုဟင်ကာပီက ပြောကြားလိုက်ပါတယ်။
ပရီမီယံလိဂ်ဇယားထိပ်ဆုံးမှာ ရှိနေကြတဲ့ အသင်းနှစ်သင်းဖြစ်တဲ့ အာဆင်နယ်နဲ့ မန်စီးတီးတို့ဟာ လာမယ့်တနင်္ဂနွေနေ့မှာ ဝမ်ဘလေကွင်းကြီးအတွင်း စိတ်လှုပ်ရှားစရာကောင်းတဲ့ ထိပ်တိုက်တွေ့ဆုံမှုအဖြစ် ယှဉ်ပြိုင်ကြမှာပါ။
အာဆင်နယ်အသင်းဟာ ပရီမီယံလိဂ်၊ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလား နဲ့ ချန်ပီယံလိဂ် စတဲ့ ဆုဖလားလေးလုံးစလုံးကို ရယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး ဒါဟာ အင်္ဂလန်ကလပ်အသင်းတစ်သင်းမှ မလုပ်ဆောင်နိုင်သေးတဲ့ မှတ်တမ်းတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။
အကယ်၍ အာဆင်နယ်သာကာရာဘောင်းဖလား ကို ဆွတ်ခူးနိုင်ခဲ့ရင် ၂၀၂၀ ခုနှစ်က နည်းပြ အာတီတာလက်အောက်မှာ အက်ဖ်အေဖလား ရရှိခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ရရှိတဲ့ ဆုဖလား ဖြစ်လာပါလိမ့်မယ်။
ပွဲမတိုင်ခင် စကားပြောရာမှာတော့ ဟင်ကာပီက သူတို့အသင်းဟာ လိဂ်ချန်ပီယံဆုအတွက် အပြိုင်အဆိုင် ကြိုးစားနေသလိုပဲ အခုဗိုလ်လုပွဲအပေါ်မှာလည်း အပြည့်အဝ အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။
"ဒါဟာ တကယ်ကို ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ ကျွန်တော်တို့ ဖလားရချင်တဲ့စိတ်နဲ့ အပြည့်အဝ အာရုံစိုက်ထားပေမဲ့ ချန်ပီယံဖြစ်ဖို့အတွက် အစွမ်းကုန် ကြိုးစားအားထုတ်ရပါဦးမယ်" လို့ ESPN ရဲ့ ဖော်ပြချက်အရ ၎င်းက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် "ကျွန်တော်တို့ ဗိုလ်လုပွဲအတွက် တကယ်ကို အာရုံစိုက်ထားပါတယ်၊ ဒါဟာ အရမ်းအရေးကြီးတဲ့ ဗိုလ်လုပွဲတစ်ခုပါ။ ဗိုလ်လုပွဲကို အကောင်းဆုံးပုံစံနဲ့ တက်လှမ်းနိုင်ဖို့နဲ့ ဖလားရနိုင်ဖို့အတွက် ကျွန်တော်တို့ အပြင်းအထန် လေ့ကျင့်သွားပါမယ်။ ဒါဟာ အရေးကြီးဆုံးအရာပါပဲ" လို့လည်း ဆိုပါတယ်။
မန်စီးတီးဟာ ဒီပြိုင်ပွဲမှာ ရှစ်ကြိမ်အထိ ဗိုလ်စွဲထားဖူးပေမဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာတော့ ဖလားမရရှိသေးပါဘူး။ အာဆင်နယ်ကတော့ တခြားအသင်းတွေထက် ဗိုလ်လုပွဲတွေမှာ ရှုံးနိမ့်မှုအများဆုံး ရှိထားပြီး နောက်ဆုံးရှုံးနိမ့်ခဲ့တာက ၂၀၁၈ ခုနှစ်မှာ ဖြစ်တဲ့အတွက် နည်းပြ အာတီတာအတွက်တော့ တကယ့်ကို စိန်ခေါ်မှုတစ်ခု ဖြစ်လာမှာပါ။