ကမ္ဘာ့အကောင်းဆုံးဖြစ်လာနိုင်တယ်လို့ ယုံကြည်နေတဲ့ လီဗာပူးကြယ်ပွင့်အီကီတီကီ
လီဗာပူးတိုက်စစ်မှူးဟူဂိုအီကီတီကီက ပီအက်စ်ဂျီအသင်းမှာ သူဖြတ်သန်းခဲ့တဲ့ အချိန်တွေကို သင်ယူစရာတွေ အများကြီးရရှိခဲ့တဲ့ အတွေ့အကြုံကောင်းတစ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ပီအက်စ်ဂျီမှာရှိနေချိန် အီကီတီကီက မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့လို ဘောလုံးကြယ်ပွင့်တွေနဲ့အတူ အဝတ်လဲခန်းတစ်ခုတည်းကို မျှဝေသုံးစွဲပါတယ်။
TNT Sports နဲ့တွေ့ဆုံချိန် အီကီတီကီက “အမှန်အတိုင်းပြောရရင် ကွင်းထဲမှာ သူတို့ပြသနိုင်တဲ့အဆင့်အတန်းမျိုးရောက်အောင် လုပ်ဖို့ဆိုတာ ကျွန်တော့်အတွက် ခက်ခဲခဲ့ပါတယ်။ ကျွန်တော် အဲဒီအဆင့်ရောက်ပြီလို့လည်း မထင်သေးပါဘူး။ ကွင်းထဲမှာ သင်ယူတာတွေ၊ လေ့ကျင့်တာတွေ လုပ်ခဲ့ရပြီး ကောင်းမွန်တဲ့အရာတွေအများကြီးကိုလည်း တွေ့မြင်ခဲ့ပါတယ်” လို့ ပြန်ပြောင်းပြောပြခဲ့ပါတယ်။
မက်ဆီနဲ့အတူ တွဲဖက်ကစားခဲ့ရမှုကိုလည်း အီကီတီကီက “ဒါက ကျွမ်းကျင်မှုပိုင်းတစ်ခုတည်းတင် မဟုတ်ပါဘူး။ ဘောလုံးမရှိဘဲ လှုပ်ရှားပုံ၊ ဘောလုံးကို ကိုင်တွယ်ပုံနဲ့ ဂိုးဘယ်လိုသွင်းမလဲဆိုတာတွေအပြင် ပွဲအပေါ် ယုံကြည်မှုရှိလာအောင်လည်း သင်ယူနိုင်ခဲ့ပါတယ်။ နောက်ကြောင်းပြန်ကြည့်ရင် ပီအက်စ်ဂျီမှာ ကျွန်တော့်အတွက် ကောင်းမွန်တဲ့အချိန်တွေမဟုတ်ခဲ့ပေမဲ့ အဲဒီအချိန်ကာလက ကျွန်တော့်အတွက် တကယ်လိုအပ်ခဲ့တယ်လို့ ထင်ပါတယ်။ သင်ခန်းစာတွေ အများကြီးရခဲ့သလို ဒီလိုကစားသမားကောင်းတွေနဲ့အတူ ရှိနေခွင့်ရခဲ့တာကိုလည်း ကျေးဇူးတင်မိပါတယ်။ ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားဖြစ်တဲ့မက်ဆီနဲ့ အတူကစားခွင့်ရခဲ့တယ်ဆိုတာ အိမ်မှာ ဓာတ်ပုံချိတ်ထားလို့ရတဲ့အထိ အမှတ်တရကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်” လို့ ဆက်ပြောပါတယ်။
ကမ္ဘာ့အကောင်းဆုံး ဖြစ်လာနိုင်တဲ့ အရည်အချင်းရှိသလားလို့ မေးမြန်းရာမှာတော့ အီကီတီကေးက ယုံကြည်မှုအပြည့်နဲ့ တုံ့ပြန်ခဲ့ပါတယ်။
ပြင်သစ်တိုက်စစ်မှူးက “ဖြစ်နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ တိုးတက်ဖို့ လိုအပ်တာတွေ ရှိနေသေးသလို ပိုပြီးတော့လည်း ကြိုးစားအားထုတ်သွားရပါဦးမယ်။ ဒါပေမဲ့ အခုတော့ ကျွန်တော်ဖြစ်ချင်တဲ့နေရာဆီ ရောက်နေပါပြီ။ ကျွန်တော် ဘာကိုမှမကြောက်ဘူးလို့ ပြောတယ်ဆိုတာ ဖိအားတွေကို မကြောက်ဘူးလို့ အဓိပ္ပါယ်ရပါတယ်။ လူတွေက ကျွန်တော့်အပေါ် မျှော်လင့်ချက်တွေထားကြတယ်ဆိုတာကို ကျွန်တော်တကယ်သဘောကျပါတယ်” လို့ ဆိုပါတယ်။
“အခုလို ကလပ်အသင်းကြီးမှာ ရှိနေရတာ၊ ပွဲကြီးပွဲကောင်းတွေနဲ့ ပြိုင်ပွဲကြီးတွေမှာ ကစားရတယ်ဆိုတာ ကျွန်တော့်အတွက် စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ အခုလို အသင်းကြီးမျိုးအတွက် ဒီလိုပွဲစဉ်တွေမှာ ကစားရဖို့ အမြဲတမ်း မျှော်လင့်ခဲ့ပါတယ်” လို့လည်း ၎င်းက ပြောကြားသွားခဲ့ပါတယ်။