မီလန်ဒါဘီရှုံးနိမ့်မှုအပြီး အင်တာကစားသမားတွေရဲခြေစွမ်းကို ဒီကာနီယိုနဲ့ ကော်စတာကာတာတို့ ပြင်းပြင်းထန်ထန်ဝေဖန်
ချန်ပီယံပြေးလမ်း ပြန်လည်အသက်ဝင်လာပြီလားလို့ မေးမြန်းရာမှာ ဒီကာနီယိုက "အင်တာမီလန်သာ အခုလိုမျိုးအကျပ်အတည်းဖြစ်နေပြီး ကျရှုံးမှုကို ကြောက်လန့်နေမယ်ဆိုရင် သူတို့တွေ အရင်က ပုံရိပ်ဆိုးတွေကို ပြန်မြင်ယောင်နေတာပဲ ဖြစ်ပါလိမ့်မယ်။ သူတို့က ၁၀ မှတ်လောက်အထိ အသာစီးရရှိထားချိန်မှာတောင် အရမ်းကြောက်ရွံ့နေခဲ့ကြတယ်။ ဘာရယ်လာတို့၊ ဒီမာကိုတို့နဲ့ တခြားကစားသမားအားလုံးက တကယ်ပဲ အဲ့ဒီလောက်တောင် ကြောက်နေကြတာလား? အထူးသဖြင့် အေစီမီလန်နဲ့ပွဲစဉ်မှာပေါ့" လို့ ဖြေကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ဘောလုံးသုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ အေစီမီလန်နောက်ခံလူဟောင်း ကော်စတာကာတာကလည်း " အေစီမီလန်ရဲ့ ကောင်းမွန်တဲ့ ကြိုးစားအားထုတ်မှုတွေ ရှိခဲ့တာ မှန်ပေမဲ့ ကျွန်တော့်အမြင်မှာတော့ အင်တာမီလန်က တစ်ခါတလေ ပွဲစဉ်တွေဆီ မှန်ကန်တဲ့တက်ကြွမှုမျိုးမရှိဘဲ ဝင်လာတတ်တယ်လို့ ထင်ပါတယ်။ ချန်ပီယံလိဂ်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်တော် စဉ်းစားမိပါတယ်။ အတ္တလန္တာတို့၊ ဂျူဗင်တပ်စ်တို့ဆိုရင် ပြိုင်ဘက်အပေါ် အသာစီးရရှိဖို့ တကယ်စိတ်ဓါတ်ပြင်းထန်ခဲ့ပါတယ်။ ဒါပေမဲ့ အင်တာမီလန်ကတော့ ဘိုဒိုဂလင့်ပွဲစဉ်မှာလိုပဲ ပေါ့ပေါ့ဆဆ ကစားခဲ့ကြပါတယ်။ ပြီးတော့ အင်တာမီလန်ရဲ့ကွင်းလယ်လူတွေက အသင်းအတွက် အကျိုးပြုနိုင်စွမ်း နည်းပါးနေပြီး ဒါကြောင့်ပဲ အခုလိုရလဒ်မျိုး ထွက်ပေါ်လာခဲ့တာပါ" လို့ ပြောကြားခဲ့ပါတယ်။