The network connection is lost.

Banner Image

အနိုင်ဂိုးရှင်ဝီလ်ဆင်ကို ချီးကျူးဂုဏ်ပြုလိုက်တဲ့ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဘိုဝင်

အဲဗာတန်နဲ့စနေနေ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ အသင်းဖော်ကာလမ်ဝီလ်ဆင်ကို ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဘိုဝင်က ချီးကျူးစကားပြောကြားလိုက်ပါတယ်။ ဝီလ်ဆင်ရဲ့ နာကျင်အချိန်ပိုအနိုင်ဂိုးကြောင့် ဝက်စ်ဟမ်းက အဲဗာတန်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး တန်းဆင်းဇုန်ရဲ့အထက် ၂ မှတ်အကွာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

ဝီလ်ဆင်ဂိုးသွင်းနိုင်ဖို့ အခွင့်အရေးဖန်တီးပေးခဲ့တဲ့ ဘိုဝင်က "ဒါ သူလုပ်နေကျ အလုပ်ပဲလေ။ သူက ဘာမှမဟုတ်တဲ့ အခွင့်အရေးလေးကိုတောင် ဂိုးဖြစ်အောင် အမိအရဖမ်းယူနိုင်ပြီး ဒါက သူ့ရဲ့ အရည်အချင်းပါပဲ။ ပရီးမီးယားလိဂ်မှာ သူ ဘာလုပ်နိုင်လဲဆိုတာကိုလည်း သက်သေပြနိုင်ခဲ့ပါတယ်" လို့ ပြောပါတယ်။

"သူ ဒီကို ရောက်လာကတည်းက အသင်းအတွက် အံ့ဩစရာကောင်းလောက်အောင် အကျိုးပြုနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အတွက် အရေးကြီးတဲ့ဂိုးတွေ အများကြီးသွင်းပေးထားပြီး တော့တင်ဟမ်နဲ့ပွဲစဉ်သွင်းဂိုးပြီးရင် ဒီနေ့ဂိုးကလည်း အရေးအကြီးဆုံး ဖြစ်ပါလိမ့်မယ်။ ဒါက သူလုပ်နေကျအတိုင်းပါပဲ။ ကျွန်တော်တို့မှာ နောက်ထပ်တိုက်စစ်ဆင်ဖို့ အခွင့်အရေးတစ်ခုကျန်သေးတယ်ဆိုတာကိုလည်း သိနေခဲ့ပါတယ်" လို့ ဘိုဝင်က ဆက်ပြောပါတယ်။

"ကျွန်တော်တို့မှာ ဘယ်တော့မှအရှုံးမပေးတဲ့စိတ်ဓာတ်ရှိပါတယ်။ ပွဲစဉ်တစ်ခုအတွင်း ဦးဆောင်ဂိုးကို ထိန်းထားနေရင်းမှ တစ်ဖက်တစ်ဂိုးစီသရေကျပြီး အမှတ်လျော့ကျသွားမယ့်အခြေအနေမျိုးဆိုတာ စိတ်ပျက်ဖို့ကောင်းလှပေမဲ့ လက်မလျှော့ဘဲ ဆက်ကြိုးစားခဲ့ကြပါတယ်။ ဆက်ပြီးလည်း ကြိုးစားနေရပါမယ်။ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။ အဲ့ဒီအခွင့်အရေးကို ကိုယ်တိုင်ပဲ ဖြစ်လာအောင် ဖန်တီးယူရမှာပါ" လို့ ဆိုပါတယ်။

"အခြေအနေတွေပြောင်းလဲပစ်ဖို့ဆိုတာ ကျွန်တော်တို့အပေါ်မှာပဲ မူတည်တယ်လို့ အမြဲပြောလေ့ရှိပါတယ်။ ပွဲတိုင်းကို အနိုင်ရအောင် ကစားရမယ့်သူက ကျွန်တော်တို့ကိုယ်တိုင်ဖြစ်ပြီး အခုလည်း အနိုင်ရအောင် လုပ်နိုင်ခဲ့ပါပြီ" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။