The network connection is lost.

Banner Image

ကစားသမားဘဝတစ်လျှောက်လုံး ဘာစီလိုနာမှာပဲ ဆက်ရှိနေမယ်လို့ ကတိပြုလိုက်တဲ့ ပက်ဒရီ

လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်မှာ ပက်ဒရီက ဘာစီလိုနာအသင်းကနေ အနာဂတ်မှာ ထွက်ခွာသွားနိုင်တယ်ဆိုတဲ့ သတင်းထွက်ပေါ်မှုတွေအားလုံးကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပါတယ်။

လာလီဂါချန်ပီယံအသင်းအတွက် တစ်ဦးချင်းခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီးနောက်မှာတော့ စပိန်ကွင်းလယ်လူ ပက်ဒရီက အသင်းအပေါ် ထားရှိတဲ့ သူ့ရဲ့ ခိုင်မာတဲ့ သံယောဇဉ်အကြောင်းကို ပြောပြခဲ့သလို အသင်းမှာ ကစားခွင့်ရတာဟာ သူ့ရဲ့ ငယ်ဘဝအိပ်မက်တွေ တကယ်ဖြစ်လာတာလို့လည်း တင်စားပြောဆိုခဲ့ပါတယ်။

Televisión Canaria နဲ့ အင်တာဗျူးမှာတော့ ပက်ဒရီက အသင်းပြောင်းရွှေ့မယ်ဆိုတဲ့ ကောလာဟလတွေကို ပယ်ချခဲ့ပြီး ဘာစီလိုနာကို ကိုယ်စားပြုခွင့်ရတာဟာ သူ့ကစားသမားဘဝရဲ့ အမြင့်မားဆုံး ရည်မှန်းချက်ဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။

"ဘာစီလိုနာအတွက် ကစားပေးရတာဟာ အကောင်းဆုံးပါပဲ။ ဒါဟာ ကျွန်တော် ငယ်ငယ်ကတည်းက မက်ခဲ့တဲ့ အိပ်မက်ဖြစ်ပြီး အခုအချိန်မှာတော့ ဘယ်အရာနဲ့မှ အစားမထိုးနိုင်ပါဘူး" လို့ ပက်ဒရီက ဆိုပါတယ်။

ဒီရာသီမှာ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ အမြဲတမ်း ပါဝင်နေပြီး ပွဲပေါင်း ၄၃ ပွဲမှာ ဂိုးဖန်တီးမှု ၁၂ ကြိမ်အထိ ပြုလုပ်ထားနိုင်ပေမဲ့ ပက်ဒရီကတော့ သူ့ရဲ့ ခြေစွမ်းအပေါ်မှာ အမြဲတမ်း အားမလိုအားမရ ဖြစ်နေတတ်ပြီး ပိုမိုကောင်းမွန်လာအောင်လည်း အမြဲတမ်း ဆက်လက်ကြိုးစားနေသူ ဖြစ်ပါတယ်။