ဘရန့်ဖို့ဒ်ကို နောက်မှလိုက်ကစားကာ အနိုင်ယူပြီးနောက် လီဗာပူးအသင်းဆီ တောင်းဆိုမှုတစ်ခု ပြုလုပ်လိုက်တဲ့ အီရာအိုလာ
လီဗာပူးနည်းပြအန်ဒိုနီအီရာအိုလာက ဘရန့်ဖို့ဒ်ကို ၁-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ စနေနေ့ပရီးမီးယားလိဂ်ပွဲစဉ်အတွက် အပြည့်အ၀အားရကျေနပ်နေခြင်း မရှိခဲ့ပါဘူး။
အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်မှာ ဘရန့်ဖို့ဒ်က လီဝစ်ပေါ်တာရဲ့သွင်းဂိုးနဲ့အတူ လီဗာပူးကို ဦးဆောင်ခဲ့ပြီး ဒီဦးဆောင်မှုနဲ့ထိုက်တန်တဲ့ ခြေစွမ်းမျိုးလည်း ပြသနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ပထမပိုင်းပွဲချိန်မပြီးဆုံးခင် ယာမိုလုခ် အနီကတ်ပြသခံရလို့ ပွဲစဉ်အခြေအနေ လုံး၀ပြောင်းလဲသွားပြီး လီဗာပူးအသင်းရဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ပွဲစဉ်အပြီး Sky Sports နဲ့ တွေ့ဆုံချိန် အီရာအိုလာက အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ကျေနပ်ပေမဲ့ သူ့အသင်းဆီမှ အခုထက်ပိုပြီး မြင်တွေ့ချင်သေးတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
လီဗာပူးနည်းပြက "ပွဲစဉ်အတွင်း ဖြစ်ပျက်ခဲ့တဲ့အရာတွေ အများကြီးပါပဲ။ ပထမပိုင်းမှာ အကြိတ်အနယ်ရှိရှိ၊ သိပ်မကွာဟလှဘဲ ကစားနိုင်ခဲ့သလို ကျွန်တော်တို့လည်း အပိုင်အခွင့်အရေး ရခဲ့ပါတယ်" လို့ ပြောပါတယ်။
"ပထမပိုင်းမပြီးခင် သူတို့ ဂိုးသွင်းယူသွားခဲ့လို့ ဒုတိယပိုင်းမှာ ကျွန်တော်တို့တွေ နောက်မှ အပြင်းအထန် လိုက်ကစားခဲ့ရပါတယ် ၁-၂ ဂိုးဖြစ်သွားချိန်အထိ ကျွန်တော်တို့ အတော်လေးကောင်းမွန်အောင် ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အဲ့ဒီနောက်မှာတော့ တစ်ခုခုကို ကာကွယ်ဖို့သာ စတင်ကြိုးစားခဲ့ကြပြီး ပွဲချိန်နောက်ဆုံးမိနစ်တွေကို ကောင်းကောင်း မကိုင်တွယ်နိုင်ခဲ့ဘူးလို့ ထင်ပါတယ်"
"ကစားသမားတချို့အတွက် ပွဲစဉ်ကို အဆုံးသတ်နိုင်မယ့် အခွင့်အရေးကောင်းတွေ ရခဲ့ပေမဲ့ ကျွန်တော်တို့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့အသင်းက ဘောလုံးကိုင်ကစားတဲ့နေရာမှာ တည်ငြိမ်မှု အနည်းငယ် လိုအပ်ခဲ့ပါတယ်။ တခါတလေမှာ ပထမဆုံးအခွင့်အရေးရတာနဲ့ ဂိုးသွင်းယူဖို့ ချက်ချင်းကြိုးစားတာထက် ဘောလုံးကို ပိုပြီး ထိန်းသိမ်းထားနိုင်ဖို့ လိုအပ်ပါတယ်" လို့ ဆိုပါတယ်။
ပင်နယ်တီနဲ့ အနီကတ်ဆုံးဖြတ်ချက်တွေအပေါ် သူက "ဆုံးဖြတ်ချက်နှစ်ခုလုံးအတွက် ကျွန်တော် သေချာပြန်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။ ပယ်နယ်တီကိုတော့ ပင်နယ်တီမဖြစ်နိုင်ဘူးလို့ ထင်ပါတယ်" လို့ ပြောပါတယ်။
ဖရင်းပေါင်နဲ့ပတ်သက်ပြီး အီရာအိုလာက "ကြားရက်ချန်ပီယံလိဂ်ပွဲမှာ သူ ကြွက်တက်ခဲ့လို့ အခုပွဲစဉ်မှာ ပွဲထွက်ကစားဖို့ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်တို့ ကြိုတင်သိရှိထားပါတယ်။ ကစားသမားတစ်ဦးလျော့ပြိုင်ဘက်ကို ရင်ဆိုင်နေရချိန် သူက တိုက်စစ်ဆင်တဲ့နေရာမှာ ပိုပြီးအထောက်အကူပေးနိုင်မယ်လို့ ယူဆခဲ့ပေမဲ့ သူ့ရဲ့ကြွက်သားမှာ တစ်ခုခုခံစားနေရတယ်ဆိုတာကို သူကိုယ်တိုင် ချက်ချင်းဆိုသလို သိရှိခံစားလိုက်ရပါတယ်" လို့ ပြောပါတယ်။
ဆိုဘိုစလိုင်းရဲ့အခြေအနေနဲ့ ပတ်သက်လို့လည်း အီရာအိုလာက "သူ ကြိုးစားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်တွေအတွင်း လေ့ကျင့်ခန်းဆင်းခဲ့ပေမဲ့ ဘယ်လောက်ကြာကြာ ကစားနိုင်မလဲဆိုတာ ကျွန်တော်တို့ မသိခဲ့ပါဘူး။ ဒါ ဒဏ်ရာအသစ်တော့ မဟုတ်ပါဘူး။ သူက အပြည့်အ၀ မသက်သာသေးပါဘူး" လို့ ပြောကြားသွားခဲ့ပါတယ်။