The network connection is lost.

Banner Image

အဲဗာတန်နဲ့ပွဲမှ ယူနိုက်တက်ကစားသမားတွေရဲ့စိတ်ဓာတ်ကို သဘောကျမိကြောင်း ပြောကြားလာတဲ့ ကာရစ်

တနင်္လာနေ့ညက အဲဗာတန်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ သူ့ရဲ့ကစားသမားတွေ ပြသခဲ့တဲ့ စိတ်ဓာတ်ပိုင်းအပေါ် မန်ချက်စတာယူနိုက်တက်နည်းပြ မိုက်ကယ်ကာရစ်က ကျေနပ်အားရနေပါတယ်။

ပွဲကစားချိန် ၇၁ မိနစ်မှာ ဘင်ဂျမင်ဆက်စကိုက အဲဗာတန်အသင်းဆီကနေ အဖိုးတန် ၃ မှတ်ရရှိစေမယ့် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။

"ဒီလိုပုံစံမျိုးနဲ့ ကစားပြီး မတူညီတဲ့ အားထုတ်မှုတွေကို ပြသရမယ့် ပွဲစဉ်တွေ ရှိတတ်ပါတယ်။ ကျွန်တော်တို့ အဖွင့် ၄ ပွဲမှာ ၄ ပွဲဆက်တိုက်နိုင်ပြီး ခြေစွမ်းကောင်းတွေလည်း ပြသနိုင်ခဲ့တယ်၊ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေပြီး ရလဒ်ကောင်းတွေ ဖော်ဆောင်ရမယ့် အချိန်တစ်ခု ရောက်လာမယ်လို့ မျှော်လင့်ထားပြီးသားပါ" လို့ ပွဲအပြီးမှာ ကာရစ်က ပြောပါတယ်။

"ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း ကျွန်တော်တို့ ဒါကို လုပ်နိုင်ခဲ့သလို ဒီနေ့မှာလည်း ထပ်လုပ်နိုင်ခဲ့ပါတယ်" လို့ သူက ဆိုပါတယ်။

"အချင်းချင်းအတွက်ရော အသင်းလိုက်ပါ အနစ်နာခံပြီး ကစားပေးလိုတဲ့ စိတ်ဓာတ်တွေ၊ ပွဲနောက်ဆုံးအချိန်အထိ ဂိုးဧရိယာထဲမှာ အသင်းလိုက် ခုခံကစားခဲ့ကြတာတွေ၊ လူတိုင်းက ကိုယ့်တာဝန်ကိုယ် ကျေပွန်ခဲ့ကြတာတွေနဲ့ နောက်ဆုံးမှာ ဂိုးမပေးရဘဲ (Clean Sheet) ပွဲပြီးဆုံးသွားတာက တကယ်ကို အံ့ဩစရာကောင်းပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ နိုင်ပွဲတစ်ခုပါ" လို့ ကာရစ်က ပြောပါတယ်။

အသင်းရဲ့ ခြေစွမ်းအပေါ်မှာလည်း ကာရစ်က "ဒီနေ့ညမှာ ကျွန်တော်တို့အတွက် ဘာမှ လွယ်လွယ်ကူကူ မရှိခဲ့ပါဘူး။ ကျွန်တော် အဲဗာတန်ကွင်းကို လာနေတာ ကြာပါပြီ၊ ဒီကွင်းကို လာတိုင်း အမြဲတမ်း ခက်ခဲတတ်ပါတယ်။ ဘယ်တုန်းကမှ လွယ်ကူတဲ့ပွဲမျိုး မရှိခဲ့ဖူးသလို အရာအားလုံးက အစီအစဉ်အတိုင်း ကွက်တိဖြစ်သွားတဲ့ပွဲမျိုးလည်း မကြုံခဲ့ဖူးဘူး။ ဒါကြောင့် ဒီနေ့ညမှာ ခက်ခဲလိမ့်မယ်လို့ တွေးထားပြီးသားပါ" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

"ပြီးခဲ့တဲ့ ပွဲစဉ်တုန်းကလည်း အခြေအနေက အဲဒီလိုပါပဲ။ ကစားသမားတွေက အကောင်းဆုံး လေ့ကျင့်ထားကြပြီး ပွဲအပေါ်မှာလည်း ယုံကြည်ချက်အပြည့်နဲ့ ရောက်လာခဲ့ကြတာပါ။ ဒီညကတော့ ကျွန်တော်တို့အတွက် ကြိုးစားအားထုတ်မှုတွေ အများကြီး လုပ်ခဲ့ရတဲ့ ညတစ်ညဖြစ်ခဲ့ပြီး တချို့အချိန်တွေမှာ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ အဲဒီလို ခက်ခဲတဲ့ပွဲတွေကို အနိုင်ရတာက အကောင်းဆုံးပါပဲ" လို့ ကာရစ်က ဆိုပါတယ်။