ပဲလေ့စ်ကို အနိုင်ကစားဖို့ ကစားသမားတွေကိုတိုက်တွန်းခဲ့ကြောင်းဖွင့်ဟလာတဲ့ အက်ဒဝပ်
ဝုဗ်အသင်းနည်းပြ ရော့ဘ်အက်ဒဝပ်က တနင်္ဂနွေနေ့က ခရစ္စတယ်ပဲလေ့စ်အသင်းကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကနေ ကစားသမားတွေအနေနဲ့ သင်ခန်းစာတွေ ရရှိသွားလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ ဝုဗ်အသင်းဟာ အဆိုပါပွဲစဉ်မှာ တိုလူအာကိုဒါရေးက ပင်နယ်တီ ကန်သွင်းခွင့်လွဲချော်ခဲ့တာကြောင့် ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။
ဒါပေမဲ့လည်း အက်ဒဝပ်က အဆိုပါရှုံးနိမ့်မှုထဲကနေ အကောင်းမြင်စရာ အချက်အလက်အများအပြားကို ထုတ်နှုတ်ပြောဆိုခဲ့ပါတယ်။ “ကျွန်တော်တို့ ကစားနေတဲ့ ပုံစံအရ ပထမပိုင်းမှာ ပေးခဲ့တဲ့စကားကတော့ တစ်မှတ်တည်းနဲ့ မကျေနပ်နိုင်ဘူး၊ သုံးမှတ်စလုံးရဖို့ပဲ လိုချင်တယ်ဆိုတာပါပဲ။ ဒါကြောင့်လည်း အခုလို ရှုံးနိမ့်မှုအကြောင်း ပြန်ပြောနေရတာ တကယ်ကို စိတ်ပျက်စရာ ကောင်းပါတယ်။ ကစားသမားတွေက တကယ့်ကို တော်ကြပါတယ်။ ကျွန်တော့်ရဲ့ ညွှန်ကြားချက်တွေကိုလည်း အကောင်းဆုံး လိုက်နာခဲ့ကြတယ်။ အနီကတ် မထိခင်အထိ ကျွန်တော်တို့က ပိုကောင်းတဲ့ အသင်းဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ ပင်နယ်တီလွဲတာနဲ့ အနီကတ်ပြခံရတာဆိုတဲ့ အဓိက အချိုးအကွေ့နှစ်ခုက ကျွန်တော်တို့အပေါ် ဆိုးကျိုးသက်ရောက်သွားစေတာပါ။ လူအင်အား ၁၀ ယောက်တည်းနဲ့တောင် အသင်းသားတွေက အစွမ်းကုန် ကြိုးစားခဲ့ကြပြီး ပြိုင်ဘက်ရဲ့ ဘောလုံးပစ်သွင်းမှုတွေနဲ့ ဂိုးဧရိယာအတွင်း ထိုးဖောက်မှုတွေကို ကာကွယ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဂိုးသမား ဆာ အနေနဲ့တော့ အလုပ်သိပ်များခဲ့တာမျိုး မရှိပါဘူး။ သူတို့ အခွင့်အရေးရသွားတဲ့ အချိန်မှာ ကျွန်တော်တို့ဘက်က ကစားသမားတစ်ဦးချင်းစီရဲ့ နေရာယူပုံတွေကို အနည်းငယ်လောက် ပြုပြင်နိုင်ခဲ့မယ်ဆိုရင် ဒီပွဲကနေ ရမှတ်တစ်မှတ်လောက်တော့ ရခဲ့မှာပါ။ အဓိက အခိုက်အတန့် နှစ်ခုက ကျွန်တော်တို့ဘက်မှာ မရှိခဲ့လို့ပဲ အခုလို ရှုံးခဲ့ရတာပါ” လို့ ဆိုပါတယ်။
အာကိုဒါရေးရဲ့ ပင်နယ်တီ လွဲချော်မှုအပေါ် အက်ဒဝပ်က “သူ့ကိုယ်သူ ယုံကြည်မှု ရှိခဲ့ပါတယ်။ သူဟာ သတ္တိရှိရှိနဲ့ တာဝန်ယူ ကန်သွင်းခဲ့တာပါ၊ ဘောလုံးမှာ ဒါမျိုးက ဖြစ်တတ်ပါတယ်။ ပင်နယ်တီ လွဲခဲ့တဲ့အတွက် သူ့ကို ဘယ်တော့မှ အပြစ်တင် ဝေဖန်မှာ မဟုတ်ပါဘူး။ တိုလူက ကျွန်တော်တို့အသင်းရဲ့ နံပါတ် ၉ တိုက်စစ်မှူးဖြစ်ပြီး အဲဒီအချိန်မှာ သူ ယုံကြည်မှု အပြည့်ရှိနေခဲ့ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ကို မပြောင်းလဲဖို့က အရေးကြီးပါတယ်။ ပင်နယ်တီ ကန်ချင်တဲ့သူတွေ အများကြီး ရှိနိုင်ပေမဲ့ တိုလူကတော့ သတ်မှတ်ထားတဲ့သူ ဖြစ်သလို အဲဒီအချိန်မှာ ကန်ဖို့လည်း အဆင်သင့် ဖြစ်နေခဲ့တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။