အန်ဒိုရဲ့ဒဏ်ရာနဲ့ပတ်သက်လို့ နောက်ဆုံးအခြေအနေကို ဖွင့်ဟပြောပြလာတဲ့ လီဗာပူးနည်းပြအန်းစလော့
လီဗာပူးနည်းပြအန်းစလော့က အခုဘောလုံးရာသီမကုန်ဆုံးမီ အန်ဒိုပြန်ကစားနိုင်မယ့် အခွင့်အရေးရှိတယ်လို့ ပြောကြားလိုက်ပါတယ်။
ဂျပန်ကွင်းလယ်လူက ကြားရက်၊ ဆန်းဒါးလန်းကိုအနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဘရိုက်တန်ကိုအနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်အပြီး အန်းစလော့က "သူပြန်ကစားနိုင်ဖို့ အခွင့်အရေးတော့ သေချာပေါက်ရှိပါတယ်။ ဒါပေမဲ့ အချိန်အတော်ကြာ အနားယူရဦးမှာပါ။ ဘယ်လောက်အထိ ကြာမြင့်မလဲဆိုတာကိုတော့ အတိအကျမပြောနိုင်သေးပါဘူး" လို့ ဆိုပါတယ်။
"ဒဏ်ရာအမျိုးအစားပေါ်မူတည်ပြီး အခြေအနေတွေ ကွဲပြားတတ်ပါတယ်။ တချို့ဒဏ်ရာတွေက ဘယ်လောက်ထိခိုက်သွားလဲဆိုတာ ချက်ချင်းသိနိုင်ပေမဲ့၊ တချို့ကျတော့လည်း အခြေအနေဘယ်လိုရှိမလဲဆိုတာကို ရက်အနည်းငယ်လောက် စောင့်ကြည့်ရပါတယ်။ အန်ဒိုရဲ့ဒဏ်ရာကတော့ စောင့်ကြည့်ရမယ့်စာရင်းမှာ ပါဝင်နေပါတယ်" လို့ ပြောပါတယ်။
"သူက လာမယ့်သီတင်းပတ်နဲ့ နောက်လအတွင်း ကစားမယ့်ပွဲစဉ်တွေအတွက် လူစာရင်းမှာ မပါဝင်နိုင်သေးပါဘူး။ ဒါပေမဲ့ ရာသီကုန်ခါနီးကာလတွေမှာတော့ သူ ကျွန်တော်တို့နဲ့အတူ ပြန်လည်ပူးပေါင်းနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါဟာ လာမယ့်ရက်တွေအတွင်း သူ့ရဲ့ဒဏ်ရာအခြေအနေ ဘယ်လိုတိုးတက်လာမလဲဆိုတာပေါ်မှာလည်း မူတည်နေပါတယ်" လို့ ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။