ရုန်းကန်နေရတဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ အခုရာသီ၊ စတုတ္ထမြောက်နည်းပြသစ်ဖြစ်လာတဲ့ ဗီတာပါရဲရား
ဗီတာပရဲရားဟာ အခြေအနေတွေရှုပ်ထွေးနေပြီး ရုန်းကန်နေရတဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ ဒီရာသီအတွင်း စတုတ္ထမြောက်နည်းပြအဖြစ် ၁၈ လ သက်တမ်းရှိတဲ့ စာချုပ်နဲ့အတူ တနင်္ဂနွေနေ့မှာ ခန့်အပ်ခံခဲ့ရပါတယ်။
အသက် ၅၇ နှစ်အရွယ် ပေါ်တူဂီလူမျိုးနည်းပြနဲ့အတူ လက်ထောက်နည်းပြ နှစ်ဦးနဲ့ အချက်အလက်ပိုင်းဆိုင်ရာကျွမ်းကျင်သူနှစ်ဦးလည်း ပူးပေါင်းပါဝင်လာလိမ့်မယ်လို့ ဖောရက်စ်အသင်းရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အင်္ဂလန်အလယ်ပိုင်းအခြေစိုက်ဖောရက်စ်အသင်းက ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲ ကစားဖို့ ကျန်ရှိနေသေးချိန်မှာ အဆင့် ၁၇ နေရာမှာ ရှိနေပြီး တန်းဆင်းဇုန်ဖိအားနဲ့ ရင်ဆိုင်နေရပါတယ်။ ဖောရက်စ်အသင်းက လာမယ့်တနင်္ဂနွေနေ့မှာတော့ လက်ရှိချန်ပီယံလီဗာပူးအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရပါမယ်။
အဲဒီပွဲစဉ်မတိုင်ခင် သူတို့တွေက ကြာသပတေးနေ့၊ ယူရိုပါလိဂ်ရှုံးထွက်ပလေးအော့ဖ်ပထမအကျော့ပွဲစဉ်အဖြစ် တူရကီကလပ်ဖီနာဘာချီအသင်းရဲ့ကွင်းဆီ သွားရောက်ကစားရပါမယ်။
နော်တင်ဟမ်ဖောရက်စ်နည်းပြရာထူးကို ၁၁၄ ရက်သာ တာဝန်ယူခဲ့ပြီးနောက် ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ ရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့ရှောင်ဒိုက်ရဲ့နေရာဆီ ပါရဲရား အစားထိုးဝင်ရောက်လာခြင်း ဖြစ်ပါတယ်။
ဖောရက်စ်က ပြီးခဲ့တဲ့ရာသီ၊ နူနိုဆန်းတို့စ်ရဲ့လက်အောက်မှာ အမှတ်ပေးဇယားသတ္တမနေရာဖြင့် ရာသီသိမ်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် နူနိုဆန်းတို့စ်က ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း စီးတီးဂရောင်းကလပ်အသင်းနဲ့ သုံးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပေမဲ့ အသင်းပိုင်ရှင်မာရီနာကစ်နဲ့ ဆက်ဆံရေးပြိုကွဲပြီးနောက် စက်တင်ဘာလအတွင်း ရာထူးမှ ထုတ်ပယ်ခံခဲ့ရပါတယ်။
အဲဒီနောက် တော့တင်ဟမ်နည်းပြဟောင်းပိုစတီကိုဂလူရောက်ရှိလာခဲ့ပြီး ရက် ၄၀ သာ တာဝန်ယူနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးကို သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး မိနစ်ပိုင်းအကြာမှာပဲ မာရီနာကစ်က ဩစတြေးလျလူမျိုးနည်းပြကို ရာထူးမှ ထုတ်ပယ်ခဲ့ပါတယ်။
နော်တင်ဟမ်ဖောရက်စ်က ပါရဲရားအတွက် အခုရာသီ၊ ဒုတိယမြောက်ကိုင်တွယ်မယ့် ကလပ်အသင်းဖြစ်ပါတယ်။ သူက ဝုဗ်အသင်းရဲ့ဆိုးရွားလှတဲ့ပရီးမီးယားလိဂ်ရာသီသစ်စတင်မှုအပြီး နိုဝင်ဘာလမှာ ရာထူးမှ ထုတ်ပယ်ခံခဲ့ရပါတယ်။
၂၀၂၄ ခုနှစ်၊ ဝုဗ်အသင်းဆီမပြောင်းရွှေ့ခင် ပါရဲရားက ဖီနာဘာချီ၊ ဘရာဇီးကလပ် ဖလာမင်ဂိုနဲ့ ကိုရင်သီယန်အသင်းတွေမှာ နည်းပြအဖြစ် ခေတ္တတာဝန်ယူခဲ့ဖူးပါတယ်။ ဒါ့အပြင် သူက အိုလံပီယာကို့စ်အသင်းမှာလည်း မာရီနာကစ်ရဲ့ လက်အောက် တာဝန်ယူလုပ်ကိုင်ခဲ့ဖူးပါတယ်။