မန်စီးတီးမှာ ပုံမှန်ကစားခွင့်မရလို့ စိတ်ပျက်မိကြောင်းပြောကြားလာတဲ့ ထရက်ဖို့ဒ်
မန်ချက်စတာစီးတီးအသင်းရဲ့ ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ်က ဒီရာသီမှာ သူ ကစားခွင့် သိပ်မရတဲ့အပေါ် စိတ်ပျက်မိတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
မန်စီးတီး အကယ်ဒမီထွက် ကစားသမားဟောင်းဖြစ်တဲ့ သူဟာ ဘန်လေအသင်းမှာ အောင်မြင်တဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ပြီးနောက် ပြီးခဲ့တဲ့ နွေရာသီမှာ အသင်းဟောင်းဆီ ပြန်လည်ရောက်ရှိလာခဲ့တာပါ။ ဒါပေမဲ့ PSG အသင်းကနေ ဂျီဂျီယို ဒွန်နာရမ်မာ ရောက်ရှိလာပြီးတဲ့နောက်မှာတော့ ထရက်ဖို့ဒ်ဟာ ဒီရာသီမှာ အီတလီဂိုးသမားကြီးရဲ့ အရံအဖြစ်နဲ့ပဲ တောက်လျှောက် ရှိနေခဲ့ရပါတယ်။
ဆဲလ်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ပါဝင်ကစားခဲ့ပြီးနောက် ထရက်ဖို့ဒ်က BBC Sport ကို အခုလို ပြောပြခဲ့ပါတယ်။ "ကစားခွင့်ရတာ ဝမ်းသာပါတယ်၊ ဒါပေမဲ့ ရာသီအစတုန်းက ကျွန်တော် မျှော်လင့်ထားခဲ့တဲ့ အခြေအနေမျိုးတော့ မဟုတ်ဘူးပေါ့ဗျာ။"
"ဒီလို အခြေအနေမျိုး မဖြစ်အောင် ကျွန်တော် ကြိုးစားခဲ့ပေမဲ့ ဒါက လက်ရှိဖြစ်နေတဲ့ အမှန်တရားပဲလေ။ ဒါကြောင့် ကစားခွင့်ရတဲ့ အချိန်တိုင်းမှာ ကျွန်တော့်ဘက်က အကောင်းဆုံး ကြိုးစားသွားမှာဖြစ်သလို အသင်းနိုင်အောင်နဲ့ ကျွန်တော့်ခြေစွမ်း တိုးတက်လာအောင် လုပ်ဆောင်သွားရမှာပါ။ ဒါကတော့ လက်ရှိ ကျွန်တော် ရင်ဆိုင်နေရတဲ့ အခြေအနေပါပဲ" လို့ သူက ဆိုပါတယ်။