နွေရာသီမှာ မန်စီးတီးမှထွက်ခွာပြီး အသင်းသစ်ရှာဖို့စဉ်းစားနေတဲ့ ထရက်ဖို့ဒ်
သတင်းတွေအရ မန်စီးတီးအသင်းရဲ့ ဒုတိယဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်ဟာ ပထမဂိုးသမား ဒွန်နာရမ်မာကို ကျော်ဖြတ်ပြီး နေရာမရနိုင်တဲ့အတွက် ပွဲထွက်ခွင့် ပိုမိုရရှိဖို့ လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေပါတယ်။
ဒီအင်္ဂလန်လက်ရွေးစင်ဂိုးသမားဟာ ပြီးခဲ့တဲ့ရာသီက စကော့တပ်ကာရဲ့ ဘန်လေအသင်း ပရီးမီးယားလိဂ်ကို တန်းတက်နိုင်ဖို့ အရေးပါတဲ့အခန်းကဏ္ဍကနေ ကူညီပေးခဲ့သူပါ။ အဲဒီတုန်းက ဘန်လေဟာ လိဒ်ယူနိုက်တက်နဲ့ ရမှတ်တူခဲ့ပေမဲ့ ဂိုးကွာခြားချက်ကြောင့်သာ ချန်ပီယံဆုနဲ့ လွဲချော်ပြီး ဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
ဘန်လေအသင်းဟာ တစ်ရာသီလုံးမှာ ၁၆ ဂိုးပဲ ပေးခဲ့ရပြီး ၂ ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ စီးတီးအကယ်ဒမီထွက်ဖြစ်တဲ့ ထရက်ဖို့ဒ်ဟာ ဥရောပတလွှားက ကလပ်အသင်းတွေရဲ့ အကြီးအကျယ် စိတ်ဝင်စားမှုကို ခံခဲ့ရပေမဲ့လည်း သူ့ရဲ့ မိခင်ကလပ် ဧတီဟတ်ကွင်းဆီ ပြန်လာဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။
ထရက်ဖို့ဒ်ဟာ အသက် ၁၂ နှစ်အရွယ် ၂၀၁၅ ခုနှစ်ကတည်းက စီးတီးလူငယ်အသင်းကို ရောက်ရှိခဲ့တာပါ။ အဲဒီနောက် အက်ခရင်တန်စတန်လေမှာ ၁၁ ပွဲ၊ ဘော်လ်တန်မှာ ၇၄ ပွဲစီ အငှားသွားရောက်ကစားခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ ဘန်လေကို အပြီးသတ် ပြောင်းရွှေ့ခဲ့ပါတယ်။
ဒါပေမဲ့ သူငယ်ဘဝကလပ်ကို အနာဂတ်ရဲ့ နံပါတ်တစ်ဂိုးသမား ဖြစ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြန်ရောက်လာချိန်မှာပဲ မန်စီးတီးဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ချန်ပီယံလိဂ်လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းကနေ ဒွန်နာရမ်မာကို ပေါင် ၂၆ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး အီတလီဂိုးသမားဟာ ဂွါဒီယိုလာရဲ့ စိတ်ကြိုက်ဂိုးသမား ဖြစ်လာခဲ့တာကြောင့် ထရက်ဖို့ဒ်အနေနဲ့ နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ဖြစ်နိုင်ခြေ ပိုများလာတယ်လို့ သတင်းထောက် ပရိအိုရော့ခ်က ဆိုပါတယ်။
Footballer Insider ရဲ့ Transfer Insider ပေါ့တ်ကတ်စ်မှာ အိုရော့ခ်က "ဂျိမ်းစ်ထရက်ဖို့ဒ်အနေနဲ့ လာမယ့်နွေရာသီမှာ သူ့ရဲ့အနာဂတ်အတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခု ချရပါလိမ့်မယ်။ သူဟာ ဂွါဒီယိုလာရဲ့အသင်းမှာ နံပါတ်တစ် ဂိုးသမားဖြစ်မယ်လို့ ထင်ပြီး မန်စီးတီးကို ပြန်လာခဲ့တာပါ။ ဒါပေမဲ့ အသင်းက ဒွန်နာရမ်မာကို ထပ်ခေါ်ခဲ့ပြီး လက်ရှိမှာတော့ ဒွန်နာရမ်မာက ဧတီဟတ်မှာ ငြင်းလို့မရတဲ့ နံပါတ်တစ် ဂိုးသမားဖြစ်နေပါပြီ" လို့ ပြောကြားခဲ့ပါတယ်။
"တကယ်လို့ ထရက်ဖို့ဒ်က ပုံမှန်ပွဲထွက်ကစားချင်တယ်ဆိုရင်တော့ မန်စီးတီးမှာ အဲဒီအခွင့်အရေး ရဖို့မရှိတာကြောင့် အသင်းပြောင်းရပါလိမ့်မယ်။ သူကသာ ဒွန်နာရမ်မာရဲ့ အရန်ဂိုးသမားအဖြစ် ပျော်ပျော်ရွှင်ရွှင် နေနိုင်မယ်ဆိုရင်တော့ မန်စီးတီးကလည်း သူ့ကို ဆက်ထိန်းထားချင်မှာပါ။ လက်ရှိမှာ အော်တီဂါလည်း အသင်းက ထွက်သွားပြီဖြစ်လို့ ဂိုးသမားအင်အား နည်းနေပါတယ်။ ဒါကြောင့် ထရက်ဖို့ဒ်ကို အတင်းအကျပ် ထွက်ခိုင်းမှာတော့ မဟုတ်ပါဘူး" လို့ ၎င်းက ဆက်ပြောပါတယ်။
ထရက်ဖို့ဒ်ဟာ ဒီရာသီမှာ မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၁၁ ပွဲ ကစားထားရပြီး ပရီးမီးယားလိဂ်မှာတော့ ၃ ပွဲပဲ ကစားခွင့်ရပါသေးတယ်။ ဒါဟာ သူအသင်းကို စရောက်စဉ်က မျှော်လင့်ထားတဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။
မန်စီးတီးဟာ ရာသီဝက်မှာ သူ့ကို ထွက်ခွာခွင့်မပေးချင်တာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ ဝက်စ်ဟမ်းနဲ့ နယူးကာဆယ်အပါအဝင် အသင်းတော်တော်များများကတော့ ဒီအင်္ဂလန်ဂိုးသမားကို စိတ်ဝင်စားနေကြဆဲ ဖြစ်ပါတယ်။