ဆဲလ်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ပေမယ့် မန်စီးတီးတို့ အကောင်းဆုံးပုံစံမဟုတ်ခဲ့ဘူးလို့ ဂွါဒီယိုလာ ဝန်ခံ
စနေနေ့က ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ဆဲလ်ဖို့ဒ်စီးတီးအသင်းကို အနိုင်ရရှိခဲ့ပေမဲ့ မန်စီးတီးအသင်းအနေနဲ့ အကောင်းဆုံးခြေစွမ်းမှာ ရှိမနေခဲ့ဘူးလို့ နည်းပြဖြစ်သူ ပက်ဂွါဒီယိုလာက ဝန်ခံပြောကြားလိုက်ပါတယ်။
ပြိုင်ဘက်အသင်းရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိမှုနဲ့ မာ့ခ်ဂူဟီရဲ့ ဂိုးတွေကြောင့် မန်စီးတီးတို့က စတုတ္ထအဆင့်ပွဲစဉ်မှာ ၂-၀ နဲ့ အနိုင်ရပြီး နောက်တစ်ဆင့်တက်လှမ်းနိုင်ခဲ့တာပါ။
"၂-၀ ဖြစ်ပြီးတဲ့နောက်ပိုင်းမှ ပိုကောင်းလာတာပါ။ ပြိုင်ဘက်တွေ ချန်ထားတဲ့ ကွက်လပ်တွေကို ကျွန်တော်တို့ သေချာမမြင်နိုင်ခဲ့ဘူး။ ကျွန်တော်တို့ တိုက်စစ်ဆင်ရမယ့်နေရာတွေက သူတို့ ဘယ်လိုခံစစ်ဆင်သလဲဆိုတာအပေါ် အမြဲမူတည်ပေမဲ့ အဲဒါကို ကျွန်တော်တို့ သေချာမဖတ်နိုင်ခဲ့ပါဘူး။ ကစားကွက်ဖော်ဆောင်မှုတွေ ပိုမြန်ပြီး ပိုကောင်းလာဖို့အတွက် အချိန်အများကြီး ပေးရပါဦးမယ်။ တစ်ခုတည်းသော သတင်းကောင်းကတော့ ကျွန်တော်တို့ နောက်တစ်ဆင့် တက်သွားတာပါပဲ" လို့ ဂွါဒီယိုလာက ပွဲအပြီးမှာ ပြောပါတယ်။
"စိတ်ပိုင်းဆိုင်ရာအရ ပင်ပန်းနေလို့ပါလို့ ပြောရရင် ကောင်းမှာပေမဲ့ ဒါက ကျွန်တော်တို့ရဲ့ အလုပ်ဖြစ်ပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမှာပါ။ ကွက်လပ်တွေကို သေချာမမြင်နိုင်ခဲ့လို့ပဲ အရာအားလုံးက ထိုင်းမှိုင်းပြီး နှေးကွေးနေခဲ့တာပါ။ ဒါက လုံးဝမကောင်းပါဘူး" လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် "ခက်ခဲတဲ့ အခြေအနေဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီနှစ်ပတ်တင် မဟုတ်ဘဲ နိုဝင်ဘာလကတည်းက သုံးရက်တစ်ပွဲ ကစားနေရတာက တော်တော်လေး များပါတယ်။ ကစားသမားတွေ ဘာကိုလိုချင်တယ်ဆိုတာ သိပေမဲ့ ဘာလုပ်သင့်သလဲဆိုတာကို ကျွန်တော်တို့ သေချာမဖတ်နိုင်ခဲ့ဘူး။ ဒါမျိုးက တစ်ခါတလေ ဖြစ်တတ်ပါတယ်။ ကျွန်တော့် ကစားသမားတွေကို ဘယ်လို ကာကွယ်ပေးရမလဲဆိုတာ ကျွန်တော် သိပါတယ်" လို့ ဆိုပါတယ်။
"ကျွန်တော်တို့ ဘာလုပ်သင့်တယ်ဆိုတာကို ကစားသမားတွေဆီ သေချာ မပို့ဆောင်နိုင်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ မက်စ်အယ်လင်းက သူတို့ကို လွှတ်မထားသင့်ဘူး၊ ဘယ်တောင်ပံမှာ ရိုင်ယန်က ပိုကောင်းပါတယ်။ အဓိကအချက်ကတော့ သူတို့က ဘယ်ဘက်ခြမ်းမှာ လူကပ်ပြီး ပိတ်ထားတဲ့အခါ ဘောလုံးကို တစ်ဖက်ခြမ်းဆီ အမြန်ပို့ရမှာပါ။ ကျွန်တော်တို့ အဲဒါကို မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့်လည်း ပွဲက ပျင်းစရာကောင်းနေတာပါ" လို့ ဂွါဒီယိုလာက ထပ်လောင်းပြောကြားခဲ့ပါတယ်။