ဟာလန်းရဲ့ဒဏ်ရာအခြေအနေအကြောင်း ဖွင့်ဟလာတဲ့ ပက်ဂွါဒီယိုလာ
မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ကြားရက် ဖူလ်ဟမ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ပထမပိုင်းအပြီး လူစားလဲခံခဲ့ရတဲ့ တိုက်စစ်မှူး အာလင်ဟာလန်းရဲ့ အခြေအနေကို ပြောပြခဲ့ပါတယ်။
လူစားမလဲခင်မှာ ဟာလန်းက မန်စီးတီးအတွက် တတိယဂိုး သွင်းပေးခဲ့ပါသေးတယ်။
နော်ဝေကစားသမားဟာ နာကျင်မှုတချို့ ခံစားနေရလို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ လူစားလဲခဲ့တာလို့ ပွဲအပြီးမှာ ဂွါဒီယိုလာက ရှင်းပြခဲ့ပါတယ်။
စနေနေ့ ကစားမယ့် လိဂ်တူးကလပ် ဆဲလ်ဖို့ဒ်စီးတီးနဲ့ အက်ဖ်အေဖလားပွဲမတိုင်ခင်မှာတော့ ကြယ်ပွင့်တိုက်စစ်မှူးရဲ့ နောက်ဆုံးအခြေအနေကို ဂွါဒီယိုလာက ဖွင့်ဟလာခဲ့ပါတယ်။
ဂွါဒီယိုလာက"သူ ၁၀၀ ရာခိုင်နှုန်း အဆင်မပြေသေးပေမဲ့ ဒီနေ့ ဘယ်လိုခံစားရလဲဆိုတာ ကြည့်ရဦးမှာပါ။ဆရာဝန်ပြောပုံအရတော့ ဒဏ်ရာက အကြီးအကျယ် မဟုတ်ပါဘူး။ ပွဲထဲမှာ သူ နည်းနည်းအဆင်မပြေဖြစ်နေလို့ ဒုတိယပိုင်းမှာ မကစားခိုင်းတော့တာပါ။ ဆဲလ်ဖို့ဒ်နဲ့ပွဲမှာ သူ ပါနိုင်မလားဆိုတာ ဒီနေ့ ကြည့်ရပါမယ်။"လို့ ပြောခဲ့ပါတယ်။
ဂွါဒီယိုလာက ဂျွန်စတုန်းစ်ရဲ့ ကြံ့ခိုင်မှုအကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
အင်္ဂလန်နောက်ခံလူဟာ ပေါင်ဒဏ်ရာကြောင့် အကြာကြီးနားခဲ့ရပြီး ဖူလ်ဟမ်နဲ့ပွဲမှာ လူစာရင်းထဲ ပြန်ပါလာပေမဲ့ ကစားခွင့်မရခဲ့ပါဘူး။
ဂွါဒီယိုလာက"မနက်ဖြန် သူ ကစားမလား၊ ဘယ်နှစ်မိနစ်လောက် ကစားမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ပြီးခဲ့တဲ့ရာသီကလည်း သူ့အတွက် ခက်ခဲခဲ့ပါတယ်။ ကံကောင်းတာက နှစ်လလောက် ရှိသွားပြီဆိုတော့ သူ နောက်ဆုံးကစားခဲ့တဲ့ပွဲက လိဒ်အဝေးကွင်းပွဲပါ။ အခုတော့ သူ လေ့ကျင့်ခန်း နှစ်ကြိမ်၊ သုံးကြိမ်လောက် ပြန်ဆင်းနိုင်နေပါပြီ" လို့ ပြောခဲ့ပါတယ်။
ဂွါဒီယိုလာက အသင်းရဲ့ ပွဲကျပ်တဲ့ အခြေအနေကိုလည်း ညည်းတွားခဲ့ပါတယ်။
မန်စီးတီးဟာ ဒီနှစ်စကတည်းက ၁၃ ပွဲအထိ ကစားထားခဲ့ရတာဖြစ်ပါတယ်။
ဆက်လက်ပြီး ဂွါဒီိယိုလာက"အနားရက် သိပ်မရှိဘဲ လပေါင်းများစွာ ပွဲတွေအများကြီး ဆက်တိုက်ကစားခဲ့ရလို့ ကျွန်တော်တို့ စိတ်ရောလူရော တော်တော်လေး ပင်ပန်းနေပါပြီ။ ဒါကြောင့် အခုလို ရက်သတ္တပတ်ရှည် နားရက်မျိုးကို လိုအပ်ပါတယ်။ ဆဲလ်ဖို့ဒ်နဲ့ပွဲပြီးရင်တော့ ခဏလောက် အနားယူလို့ ရပါလိမ့်မယ်" လို့ ပြောကြားသွားခဲ့ပါတယ်။