ကစားသမားသစ်တွေ လိုအပ်နေပြီး အပြောင်းအရွှေ့အတွက် လီဗာပူးအသင်း အပြင်းအထန်ကြိုးပမ်းနေတယ်လို့ ဝန်ခံလိုက်တဲ့ အီရာအိုလာ
လီဗာပူးနည်းပြအီရာအိုလာက အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ အသင်းလူစာရင်းကို အင်အားဖြည့်တင်းဖို့ ရည်မှန်းချက်တွေ ရှိနေပါတယ်။
အခုထိတော့ လီဗာပူးက အိုဆာဆူနာရဲ့ စပိန်တောင်ပံကစားသမား ဗစ်တာမူနော့ဇ်ကို ပေါင် ၃၄ ဒဿမ ၅ သန်း၊ ဗဟိုခံစစ်မှူးဂျရမီဂျက်ကွက်ကို ပေါင်သန်း ၆၀ ဖြင့်သာ ခေါ်ယူထားပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း အသင်းနဲ့အတူ ဆုဖလားမျိုးစုံရယူနိုင်ခဲ့တဲ့ ကိုနာတေး၊ မိုဆာလက်နဲ့ ရော်ဘတ်ဆန်တို့ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ထားရလို့ အသင်းအတွက် အတော်လေးအထိနာထားပါတယ်။
အန်းစလော့ရဲ့နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ နည်းပြအီရာအိုလာကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်-၅ သာရရှိခဲ့တဲ့ သူ့အသင်းကို ကစားသမားသစ်တွေ အင်အားဖြည့်တင်းဖို့ လိုအပ်နေတယ်လို့ ပွင့်ပွင့်လင်းလင်းဝန်ခံခဲ့ပါတယ်။ ဒါက လီဗာပူးနည်းပြဘ၀မှာ အီရာအိုလာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။
"ကျွန်တော့်အတွက် စိန်ခေါ်မှုကြီးတစ်ခုဖြစ်သလို အပြောင်းအလဲကြီးတစ်ခုလည်း ဖြစ်ပါတယ်။ ဒီအသင်းမှာ သီတင်းတစ်ပတ်လုံး အေးအေးဆေးဆေး နားရမယ့်အချိန် သိပ်မရှိဘဲ ကြားရက်ပွဲစဉ်တွေ ကစားသွားရပါလိမ့်မယ်။ ဒါပေမဲ့ အခုလိုကစားရတယ်ဆိုတာ အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါတယ်" လို့ သူက ဆိုပါတယ်။
"ကစားသမားတွေကို အလှည့်ကျသုံးစွဲနိုင်ဖို့ အခွင့်အရေး ရှိလာပါလိမ့်မယ်။ ကစားသမား ၁၅ ဦးတည်းနဲ့ ဒီလိုရာသီမျိုးကို ဖြတ်သန်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အင်အားတောင့်တင်းတဲ့ လူစာရင်းတစ်ခု လိုအပ်ပါတယ်"
"ဘောလုံးရာသီက ခက်ခဲကြမ်းတမ်းတဲ့အတွက် ဒဏ်ရာပြဿနာတွေနဲ့ အခြေအနေမျိုးစုံ ဖြစ်လာနိုင်လို့ ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားရပါမယ်။ အထူးသဖြင့် ပြိုင်ပွဲတွေများပြားတဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေကို ကျော်ဖြတ်နိုင်ဖို့အတွက် လူအင်အားတောင့်တင်းဖို့ လိုပါတယ်။ အဲဒီကာလတွေက အလွန်ခက်ခဲပါတယ်"
"ကျွန်တော်တို့ ကစားသမားနှစ်ဦးပဲ ခေါ်ရပါသေးတယ်၊ နောက်ထပ် လိုနေသေးတယ်ဆိုတာလည်း သိပါတယ်။ ဒါကိုလည်း ကြိုးစားနေပါတယ်။ နည်းပြတစ်ဦးအတွက်တော့ ကစားသမားတွေကို ပထမနေ့မှာပဲ အသင်းနဲ့အတူ ရှိစေချင်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ အဲ့ဒီလိုမဖြစ်နိုင်ဘူးဆိုတာကို သိပါတယ်။ ဒါကြောင့် အပြောင်းအရွှေ့တွေအတွက် အပြင်းအထန်ကြိုးစားနေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
လီဗာပူးအတွက် အောင်မြင်တဲ့ဘောလုံးရာသီတစ်ခုဖြစ်လာနိုင်ရေး ရော်ဘတ်ဆန်နဲ့ မိုဆာလက်တို့နေရာမှာ အစားထိုးသွားဖို့ အရေးတကြီးလိုအပ်နေပြီး လစ်လပ်နေရာတွေကို အကောင်းဆုံးပြန်အားဖြည့်နိုင်ဖို့ အသင်းက အစွမ်းကုန်ကြိုးစားသွားမယ်ဆိုတာ သေချာပါတယ်။