ဆယ်စုနှစ်တစ်ခုအတွင်း ပရီးမီးယားလိဂ်ချန်ပီယံဘဝကနေ လိဂ်ဝမ်းအထိ လက်စတာအသင်း ဘာလို့တန်းဆင်းခဲ့ရတာလဲ
လွန်ခဲ့တဲ့ ဆယ်နှစ်ဒီလိုအချိန်က လက်စတာအသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးဖို့ ရက်ပိုင်းအလို အခြေအနေမှာ ရှိနေခဲ့ပါတယ်။ လာမယ့်ရာသီမှာတော့ လက်စတာက တတိယတန်းဖြစ်တဲ့ လိဂ်ဝမ်းမှာ ကစားရတော့မှာပါ။
မြေခွေးတွေလို့ တင်စားခေါ်ဝေါ်ကြတဲ့ လက်စတာအသင်းဟာ ၂၀၂၁ ခုနှစ်မှာ အက်ဖ်အေဖလားရပြီးကတည်းက အခြေအနေသိသိသာသာ ကျဆင်းလာခဲ့ပြီး ယမန်နေ့ည ဟားလ်စီးတီးနဲ့ ၂ဂိုးစီ သရေကျခဲ့တဲ့ ရလဒ်က သူတို့ တတိယတန်းလိဂ်ကို တန်းဆင်းရတော့မယ်ဆိုတာကို အတည်ပြုပေးလိုက်ပါတယ်။
တစ်ကမ္ဘာလုံးကို အံ့သြသွားစေခဲ့တဲ့ အလေးပေးမှု ၅,၀၀၀ အချိုး ၁ နဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ အမြင့်မားဆုံး အောင်မြင်မှုကနေ နှစ်နှစ်အကြာ ရဟတ်ယာဉ်ပျက်ကျမှုမှာ အသင်းပိုင်ရှင် ဗီချိုင်းကို ဆုံးရှုံးလိုက်ရတဲ့ အလွန်ဝမ်းနည်းဖွယ် အဖြစ်အပျက်တွေအထိ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်းမှာ လက်စတာအသင်းဟာ စိတ်ခံစားမှုပေါင်းစုံကို ဖြတ်သန်းခဲ့ရပါတယ်။
၂၀၁၆-၁၇ ရာသီတုန်းက လက်စတာဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ အက်သလက်တီကိုနဲ့ ကစားခဲ့ပါတယ်။ ဆယ်စုနှစ်တစ်ခုကြာပြီးနောက်မှာတော့ လက်စတာအသင်းက အသင်းသက်တမ်း ၁၃၄ နှစ်မှာ ၁၃၂ နှစ်ကို အပျော်တမ်းလိဂ်တွေမှာပဲ ကစားခဲ့တဲ့ ဘရွမ်လေလို အသင်းမျိုးနဲ့ တစ်လိဂ်တည်း ကစားရတော့မှာပါ။
၂၀၂၂ ခုနှစ်မှာ ပရီးမီးယားလိဂ် အဆင့် ၈ နေရာနဲ့ အဆုံးသတ်ခဲ့ပြီးနောက် အဲဒီအချိန်က နည်းပြဖြစ်တဲ့ ဘရန်ဒန်ရော်ဂျာက အသင်းအနေနဲ့ မျှော်မှန်းချက်တွေကို ပြောင်းလဲဖို့ လိုအပ်နေပြီလို့ သတိပေးခဲ့ပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် လေကြောင်းခရီးစဉ်တွေ ရပ်ဆိုင်းသွားတဲ့အတွက် ဗီချိုင်းပိုင်ဆိုင်တဲ့ King Power အခွန်လွတ်အရောင်းဆိုင်လုပ်ငန်းကို ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်စေခဲ့ပါတယ်။
ဒီဂယက်ရိုက်ခတ်မှုတွေ ရှိနေဆဲဖြစ်ပြီး ၂၀၂၂-၂၃ ရာသီအစ ၈ ပွဲဆက် နိုင်ပွဲပျောက်-ခဲ့ပြီးနောက်မှာတော့ လက်စတာအနေနဲ့ ရမှတ် ၄၀ ပြည့်ဖို့ကိုပဲ အဓိကထားရမယ်လို့ ရော်ဂျာက ပြောကြားခဲ့ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်ရဲ့ အစဉ်အလာ ကြီးစိုးမှုတွေကို ချိုးဖျက်မယ့်အကြောင်း မကြာခဏ ပြောလေ့ရှိတဲ့ လီဗာပူးနည်းပြဟောင်းရဲ့ အရင်ပြောစကားတွေနဲ့ လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေခဲ့ပါတယ်။
လက်စတာအသင်းက အဲဒီလိုလုပ်နိုင်ဖို့ နီးစပ်ခဲ့ပြီး ၂၀၂၀ နဲ့ ၂၀၂၁ ရာသီတွေမှာ နောက်ဆုံးနေ့ရောက်မှ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။
ရော်ဂျာလက်အောက် သောမတ်စ်တူချယ်လ်ရဲ့ ချဲလ်ဆီးအသင်းကို အနိုင်ယူပြီး အက်ဖ်အေဖလားကို ဆွတ်ခူးခဲ့ပေမယ့် အရည်အသွေးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေမရှိတာကြောင့် အသင်းရဲ့ကျဆင်းမှုက အလျင်အမြန်ပဲ စတင်လာခဲ့ပါတယ်။ ဒါကြောင့် လက်စတာအသင်းက လက်ရှိအခြေအနေကို ထိန်းထားဖို့ ကြိုးစားနေချိန်မှာပဲ နောက်ပြန် ထိုးကျသွားခဲ့ပါတယ်။
လက်စတာမှာ ဂျေမီဗာဒီ၊ ဂျိမ်းစ်မက်ဒီဆင်နဲ့ တိုင်လေမန်းစ်တို့လို နိုင်ငံတကာအဆင့် ကစားသမားတွေပါဝင်တဲ့ အသင်းတစ်သင်း ရှိနေဆဲဖြစ်ပေမယ့် အသင်းက တန်းဆင်းဇုန်ထဲ ရောက်နေတဲ့အတွက် ၂၀၂၃ ခုနှစ် ဧပြီလမှာ ရော်ဂျာ ထုတ်ပယ်ခံခဲ့ရပါတယ်။ အက်စတွန်ဗီလာနဲ့ နောဝစ်ချ် နည်းပြဟောင်း ဒင်းန်စမစ်ရောက်လာပေမယ့် အသင်းကို မကယ်တင်နိုင်ခဲ့ပါဘူး။
ရော်ဂျာ ထွက်ခွာသွားတဲ့ သုံးနှစ်တာကာလအတွင်း လက်စတာအသင်းဟာ နည်းပြ ခုနစ်ဦးအထိ အပြောင်းအလဲလုပ်ခဲ့တဲ့အတွက် အသင်းဟာ ကိုယ်ပိုင်ဟန်မရှိဘဲ နည်းပြတစ်ယောက်ပြောင်းတိုင်း ကစားဟန် တစ်ခုကနေ နောက်တစ်ခုကို ကူးပြောင်းနေခဲ့ရပါတယ်။
လက်စတာမှာ စမစ်ကနေ ၂၀၂၄ ခုနှစ်မှာ အသင်းကို ချန်ပီယံရှစ်ဖလား ရယူပေးနိုင်ခဲ့တဲ့ အန်ဇိုမာရက်စ်ကာ၊ စတိဗ်ကူးပါး နဲ့ ၂၇ ပွဲမှာ ၅ ပွဲသာ အနိုင်ရခဲ့တဲ့ ရုဒ်ဗန်နစ္စတယ်ရွိုင်းတို့အထိ ပြောင်းလဲခဲ့ပါတယ်။
ဇူလိုင်လမှာ မာတီဆီဖွန်တက်စ်ကို ခန့်အပ်ခဲ့ပါတယ်။ ဖွန်တက်စ်အနေနဲ့ ဒီပျက်စီးနေတဲ့ လူစာရင်းနဲ့ပဲ အသင်းကို ပြန်လည်တည်ဆောက်နိုင်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဇန်နဝါရီလအတွင်း ဖွန်တက်စ် ထုတ်ပယ်ခံရချိန်က လက်စတာက ပလေးအော့ဖ်ဝင်ခွင့်နဲ့ ၆ မှတ်အကွာ အဆင့် ၁၄ နေရာမှာ ရှိနေခဲ့ပါတယ်။
အချိန်တွေကြာလာတာနဲ့အမျှ အဲဒီဆုံးဖြတ်ချက်က ပိုဆိုးရွားလာပုံပေါ်ပြီး ဖွန်တက်စ်နေရာမှာ အစားထိုးဖို့ ကြန့်ကြာနေတဲ့အပေါ် အသင်းတွင်း မကျေနပ်မှုတွေ ရှိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဒီဇင်ဘာလတုန်းက တန်းဆင်းဇုန်ပြိုင်ဘက် အောက်စ်ဖို့ဒ် အသင်းကနေ ထုတ်ပယ်ခံထားရတဲ့ လက်စတာနောက်ခံလူဟောင်း ဂယ်ရီရိုဝက်တ် ကို ၂၄ ရက်အကြာမှာ ခန့်အပ်ခဲ့ပါတယ်။
ရိုဝက်တ် လက်အောက်မှာ လက်စတာအသင်းဟာ ပိုမိုဆိုးရွားသွားခဲ့ပြီး ဖေဖော်ဝါရီလမှာ EFL ဘဏ္ဍာရေးစည်းမျဉ်းတွေကို ဖောက်ဖျက်မှုကြောင့် ၆ မှတ် လျှော့ခံခဲ့ရလို့ တန်းဆင်းဇုန်အပြင်ဘက် ဂိုးကွာခြားချက်နဲ့သာ ရပ်တည်နိုင်ခဲ့ပါတယ်။
စနေနေ့က ပို့စ်မောက်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ စွမ်းဆောင်ရည် ညံ့ဖျင်းလွန်းတာကြောင့် အသင်းတွင်းကလူတွေတောင် အံ့သြခဲ့ရပါတယ်။ အဲဒီပွဲအပြီးမှာ ကွင်းလယ်ကစားသမား ဟယ်ရီဝင့်ခ်က အသင်းကားပေါ်တက်ချိန်မှာ ပရိသတ်တွေနဲ့ အကျည်းတန်တဲ့ အချင်းများမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၁၀ ပွဲ ကစားပေးထားတဲ့ ဝင့်ခ်ဟာ ဟားလ်စီးတီးနဲ့ပွဲ ဒုတိယပိုင်းမှာ လူစားဝင်လာချိန် ကွင်းထဲမှာ လှောင်ပြောင်ခံခဲ့ရပါတယ်။
ဝက်စ်ဟမ်းနဲ့သရေကျပြီးနောက် လက်စတာကွင်းအပြင်ဘက် ရဟတ်ယာဉ်ပျက်ကျမှုမှာ ဗီချိုင်း ကွယ်လွန်သွားခြင်းရဲ့ သက်ရောက်မှုကို လျှော့တွက်လို့မရသလို၊ ဒါဟာ လက်စတာအသင်း အခုချိန်ထိ ပြန်လည်ရုန်းကန်နေရဆဲ အရာတစ်ခုလည်း ဖြစ်ပါတယ်။
ဗီချိုင်းဟာ ၂၀၁၀ ခုနှစ်မှာ လက်စတာအသင်းကို ပေါင် ၃၉ သန်းနဲ့ ဝယ်ယူခဲ့ပြီး၊ အကြွေးတွေကို ရှင်းလင်းပေးကာ လေးနှစ်အကြာမှာတော့ ထိပ်တန်းလိဂ်ကို တန်းတက်နိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ၂၀၁၅-၁၆ ရာသီမှာ မထင်မှတ်ဘဲ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့တာဟာ အကြီးကျယ်ဆုံး သမိုင်းဝင်ဇာတ်လမ်းတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။
ဗီချိုင်း ကွယ်လွန်ပြီးနောက်မှာ Top လို့ လူသိများတဲ့ သူရဲ့သား အီယာဝတ် က ကလပ်အသင်းနဲ့ ဖခင်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို တာဝန်ယူခဲ့ပါတယ်။
လက်စတာအသင်းဟာ ကျဆင်းမှုတွေကို ရပ်တန့်ဖို့ ခြေလှမ်းတွေ စတင်ခဲ့ပေမယ့် လူစာရင်းအတွင်းမှာရော ကလပ်အသင်းအတွင်းမှာပါ အပြစ်တင်တတ်တဲ့ ယဉ်ကျေးမှုနဲ့ တာဝန်ယူမှု နည်းပါးတာတွေ ရှိနေတယ်လို့ သတင်းရင်းမြစ်တချို့က ဆိုပါတယ်။
အသင်းပိုင်ရှင်ဟာ အသင်းမှာ အနှစ် ၃၀ ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဖြစ်စဉ်က အားကစားဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ကာ မကြာသေးခင်ကမှ အမှုဆောင်အရာရှိချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရတဲ့ ဂျွန်ရပ်ဒ်ကင်အပေါ် အရမ်းအားကိုးလွန်းနေတယ်လို့လည်း မှတ်ချက်ပြုမှုတွေ ရှိပါတယ်။
လက်စတာအသင်း တန်းဆင်းရမှုက ကြီးမားတဲ့ ဘဏ္ဍာရေးဆိုင်ရာ မေးခွန်းထုတ်စရာတွေနဲ့ အတူ ရောက်လာခဲ့ပါတယ်။
၂၀၂၃-၂၄ ရာသီအထိ အများဆုံး ဆုံးရှုံးနိုင်တဲ့ ပမာဏထက် ပေါင် ၂၀.၈ သန်း ကျော်လွန်ခဲ့လို့ ၆ မှတ် လျှော့ခံခဲ့ရပြီးနောက်၊ ပြီးခဲ့တဲ့လကလည်း အသင်းu ၂၀၂၄-၂၅ ခုနှစ်အတွက် နောက်ထပ် ကြီးမားတဲ့ အရှုံး (ပေါင် ၇၁.၁ သန်း) ပြခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ပြီးတော့ အဲဒီဒုတိယရာသီဟာ ပရီးမီးယားလိဂ် ကလပ်အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ရာသီဖြစ်နေပါတယ်။
လက်စတာအသင်းဟာ ၂၀၂၃-၂၄ ခုနှစ်အထိ နှစ်ရာသီဆက်တိုက် ဝင်ငွေထက် လစာပေးရတဲ့ အချိုးက ၁၀၀ ရာခိုင်နှုန်းကျော် ရှိနေခဲ့ပါတယ်။ ဆိုလိုတာက သူတို့ရှာဖွေနိုင်တဲ့ ဝင်ငွေထက် လစာအတွက် ပေးချေရတဲ့ ပမာဏက ပိုများနေခဲ့တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကနေ တန်းဆင်းရတဲ့ ရာသီမှာတော့ ရုပ်သံဝင်ငွေတွေကြောင့် လစာပေးရတဲ့ အချိုးက ၈၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပေမယ့် လစာများများရတဲ့ ကစားသမားတွေ အများကြီး ရှိနေသေးတာဖြစ်ပါတယ်။ အဲဒီကစားသမားတွေမှာ တန်းဆင်းရရင် လစာလျှော့ချမယ့် စည်းမျဉ်းတွေ ပါဝင်ပေမယ့် ဒီရာသီ ချန်ပီယံရှစ်မှာ လစာအများဆုံးရတဲ့ ကစားသမားအများအပြားဟာ လက်စတာအသင်းမှာပဲ ရှိနေဆဲဖြစ်ပါတယ်။
လစာအများဆုံးရတဲ့ ကစားသမားတွေဖြစ်တဲ့ ပက်ဆင်ဒါကာ၊ ရီကာဒို ပရဲရားနဲ့ ဝင့်ခ်တို့လို ကစားသမား အများစုဟာ နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အိုလီဗာစကစ်ပ်က ၂၀၂၉ အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသလို၊ ၂၀၂၄ ခုနှစ်မှာ သုံးနှစ်စာချုပ်ချုပ်ဆိုခံခဲ့ရတဲ့ ဗက်စတာဂတ်ကလည်း စာချုပ်သက်တမ်း ကျန်ရှိနေသေးပါတယ်။ ဒီကစားသမားတွေအတွက် ကလပ်အသင်းသစ်တွေ ရှာဖွေပေးဖို့ဆိုတာ လွယ်ကူမှာ မဟုတ်ပါဘူး။
ပြီးတော့ ဩစတြေးလျ ရင်းနှီးမြှုပ်နှံမှုဘဏ် Macquarie ကနေ လက်စတာအသင်း ချေးယူထားတဲ့ ငွေကြေးပြဿနာလည်း ရှိနေပါသေးတယ်။
စက်တင်ဘာလတုန်းက တွမ်ကန်နွန်၊ ခါဆေးမက်အက်တီးယား နဲ့ ဂျိမ်းစ်ဂျက်စတင် တို့ရဲ့ အပြောင်းအရွှေ့တွေကနေ ရဖို့ရှိတဲ့ အရစ်ကျငွေတွေကို ကြိုတင်ထုတ်ယူနိုင်ဖို့ Macquarie ဘဏ်ကို သွားခဲ့ပါတယ်။ ဇန်နဝါရီလမှာတော့ ၂၀၂၇ ဇွန်လအထိ ရရှိမယ့် နောက်ဆုံးကျန်ရှိနေတဲ့ လျော်ကြေးငွေကို ရယူဖို့အတွက် နောက်ထပ်ချေးငွေတစ်ခုကို အစားထိုး လည်ပတ်ခဲ့ပါတယ်။
Topဟာ အရင်တုန်းက ချေးငွေ ပေါင်သန်းပေါင်းရာနဲ့ချီပြီး လျှော်ပစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ Macquarie ဘဏ်ဟာ အနာဂတ်မှာ ရရှိမယ့် ငွေကြေးတွေကို ကြိုတင်သုံးစွဲနိုင်အောင် ရန်ပုံငွေ အများအပြားကို ထောက်ပံ့ပေးထားပုံ ရပါတယ်။
လိဂ်ဝမ်းမှာ ရုပ်သံဝင်ငွေက အများကြီး ပိုနည်းတဲ့အတွက် ချေးငွေထပ်ယူဖို့ အာမခံထားစရာ သိပ်မကျန်တော့မယ့် အချိန်တစ်ခု ရောက်လာပါလိမ့်မယ်။
လာမယ့်ရာသီကစပြီး လိဂ်ဝမ်းက ကလပ်အသင်းတွေဟာ သူတို့ရရှိတဲ့ ဆုကြေးငွေ၊ ဖလားပြိုင်ပွဲက ရတဲ့ငွေ ဒါမှမဟုတ် အပြောင်းအရွှေ့ကရတဲ့ အပိုဘောလုံးဝင်ငွေတွေရဲ့ ၆၀ ရာခိုင်နှုန်းကိုသာ ကစားသမားနဲ့ သက်ဆိုင်တဲ့ ကုန်ကျစရိတ်တွေမှာ သုံးစွဲဖို့ ကန့်သတ်ခံရတော့မှာပါ။
ကစားသမား အများအပြားဟာ လိဂ်ဝမ်းစံနှုန်းနဲ့ဆိုရင် မိုးထိအောင်မြင့်နေတဲ့ လစာတွေနဲ့ ကလပ်အသင်းမှာ ကျန်ရှိနေသေးတဲ့အတွက်၊ ဒီကန့်သတ်ချက်တွေအတွင်း လက်စတာအသင်း လည်ပတ်ဖို့ဆိုတာ တော်တော်လေးခက်ခဲလာဖို့ ရှိနေပါတယ်။