The network connection is lost.

Banner Image

ဂွါဒီယိုလာရဲ့လက်အောက်မှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ ဘယ်လောက်အထိ ကြီးကျယ်ခမ်းနားသလဲဆိုတာကို အရင်ကမသိခဲ့ဘူးလို့ဖွင့်ဟလာတဲ့ လာပေါ်တေး

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လာပေါ်တေးဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ ထိုစဉ်က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၅၇.၂ သန်းနဲ့ အသလက်တစ်ဘီလ်ဘာအိုအသင်းကနေ မန်စီးတီးကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဂွါဒီယိုလာရဲ့ အကောင်းဆုံးခေတ်မှာ အမာခံနောက်ခံလူတစ်ဦးအဖြစ် ပါဝင်ခဲ့သူပါ။

အသင်းကို ရောက်ရောက်ချင်းမှာပဲ လာပေါ်တေးဟာ ဂွါဒီယိုလာရဲ့ ဘောလုံးပိုင်ဆိုင်မှုကို အခြေခံတဲ့ ကစားကွက်ထဲမှာ အသားကျခဲ့ပြီး တည်ငြိမ်မှု၊ ဘောလုံးပေးပို့မှုနဲ့ ခံစစ်ကနေ တိုက်စစ်ဆီ ဘောလုံးသယ်ဆောင်ပေးနိုင်တဲ့ စွမ်းရည်တွေကြောင့် အသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

အင်္ဂလန်မှာ ကစားခဲ့တဲ့ ပထမဆုံးလအနည်းငယ်အတွင်းမှာတင် ပရီးမီးယားလိဂ်နဲ့ ကာရာဘောင်းဖလား ဆုဖလားတွေကို ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာလည်း ဆုဖလားတွေ ဆက်တိုက်ဆိုသလို ရယူနိုင်ခဲ့ပြီး အထူးသဖြင့် ၂၀၁၈-၁၉ ရာသီမှာတော့ ပြည်တွင်းဖလားအားလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ အသင်းမှာ အဓိကကစားသမားအဖြစ် ပါဝင်ခဲ့သလို၊ ရာသီပိတ် ဘရိုက်တန်နဲ့ပွဲမှာလည်း အသင်းအတွက် အရေးပါတဲ့ ခေါင်းတိုက်ဂိုး သွင်းယူပေးပြီး ချန်ပီယံဆုကို အတည်ပြုပေးခဲ့ပါတယ်။

မန်ချက်စတာမှာ ၅ နှစ်ခွဲကြာ ဖြတ်သန်းခဲ့တဲ့အတွင်း လာပေါ်တေးဟာ ပရီးမီးယားလိဂ် ၅ ကြိမ်နဲ့ ၂၀၂၂-၂၃ သမိုင်းဝင် ဖလားသုံးလုံး အောင်မြင်မှု အပါအဝင် စုစုပေါင်း ဆုဖလားကြီး ၁၃ လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အခုအခါမှာတော့ လာပေါ်တေးက RMC Sport နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မန်စီးတီးနဲ့အတူ ရရှိခဲ့တဲ့ မယုံနိုင်စရာ အောင်မြင်မှုတွေအကြောင်းကို ပြန်လည်ပြောပြလာပါတယ်။

"တကယ်တော့ မန်စီးတီးမှာ ဖြတ်သန်းခဲ့တဲ့ နှစ်တွေဟာ မယုံနိုင်စရာပါပဲ။ အဲဒီတုန်းကတော့ ဒါဟာ ပုံမှန်ပဲလို့ ထင်ခဲ့ကြပြီး ဘယ်လောက်အထိ ခမ်းနားသလဲဆိုတာကို သတိမထားမိခဲ့ကြဘူး၊ အခုပြန်ကြည့်တော့မှ ဒါဟာ ထူးခြားလွန်းတဲ့ အောင်မြင်မှုမျိုးဆိုတာ သိလာရတယ်" လို့ စပိန်လက်ရွေးစင် နောက်ခံလူက ဆိုပါတယ်။

သူက ဆက်လက်ပြီး "အဆိုးအကောင်းတွေ ရှိခဲ့ပေမဲ့ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရသမျှဟာ မှော်ဆန်လွန်းပါတယ်။ ရနိုင်သမျှ ဖလားအားလုံးကို မရခဲ့ဘူး၊ ဒီထက်ပိုရနိုင်သလို၊ ဒီထက်လည်း လျော့နည်းသွားနိုင်တာပဲ။ အဲဒီအချိန်တွေကို လူတိုင်း သဘောကျခဲ့ကြမယ်လို့ ထင်ပါတယ်။ ကစားသမားတွေအနေနဲ့လည်း ကစားဟန်၊ စိတ်အားထက်သန်မှုနဲ့ အောင်မြင်မှုသိပ်မရှိသေးတဲ့ ကလပ်အသင်းကို ဆုဖလားတွေ အများကြီးရအောင် တည်ဆောက်နိုင်ခဲ့တာကို ပျော်ရွှင်ခဲ့ကြပါတယ်။ ကျွန်တော်ဆိုရင် ၆ နှစ်အတွင်း ပရီမီယာလိဂ် ၅ ကြိမ်တောင် ရခဲ့တာလေ" လို့ ပြောပါတယ်။

ကလော့ပ်ရဲ့ လီဗာပူးအသင်းနဲ့ ပြိုင်ဆိုင်မှုအကြောင်းကိုလည်း "လီဗာပူးနဲ့ပွဲတွေက အငွေ့အသက်တွေဟာ တကယ်ကို အံ့ဩစရာပါ၊ တကယ့်ပြိုင်ဘက်တွေပေါ့။ အဲဒီလို ပြိုင်ဆိုင်မှုမျိုးနဲ့ ရှင်သန်ခဲ့ရတာ အရမ်းကောင်းပါတယ်။ အဲဒါဟာ ရာသီတစ်ခုရဲ့ အခက်ခဲဆုံးပွဲဆိုတာ သိနေသလို၊ အမှားအယွင်းတစ်ခုက အရာအားလုံးကို ပျက်စီးစေနိုင်တာမို့ အနိုင်ရဖို့အတွက် အစွမ်းကုန် ကြိုးစားခဲ့ရတယ်" လို့ လာပေါ်တေးက ဆိုပါတယ်။

သူ့ရဲ့ အသင်းဖော်တွေနဲ့ ပတ်သက်ပြီးတော့လည်း "ဒီဘရိုင်းနဲ့ အဂူရိုတို့ဟာ တကယ့်ကို ထူးချွန်တဲ့သူတွေပါ၊ ဒါပေမဲ့ ဒေးဗစ်ဆေးလ်ဗားလို ကစားသမားမျိုးကတော့ တကယ်ကို တော်လွန်းပါတယ်။ သူဟာ ကျဉ်းထဲကျပ်ထဲမှာတောင် လှုပ်ရှားနိုင်ပြီး ပြီးပြည့်စုံတဲ့ ပေးပို့မှုတွေ၊ ကစားကွက် ထိန်းချုပ်မှုတွေကို လုပ်ဆောင်နိုင်သူပါ။ ကျွန်တော့်ရဲ့ အကောင်းဆုံး ခံစစ်အတွဲဖော်ကတော့ ဗင်းဆင့်ကွန်ပနီပါပဲ" လို့ ပြောပြခဲ့ပါတယ်။
လာပေါ်တေးရဲ့ စကားတွေဟာ မန်စီးတီးအသင်း အင်္ဂလန်ဘောလုံးလောကကို လွှမ်းမိုးထားနိုင်တဲ့ ကာလအတွင်းမှာ အသင်းအတွင်းပိုင်းက စိတ်ဓာတ်ပိုင်းဆိုင်ရာ ဘယ်လိုရှိခဲ့သလဲဆိုတာကို ဖော်ပြနေပါတယ်။ ရူဘင်ဒီယက်စ် ရောက်ရှိလာတာနဲ့ ဂျွန်စတုန်းးရဲ့ ခြေစွမ်းတိုးတက်လာမှုတွေကြောင့် အသင်းမှာ နေရာရဖို့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ရှိခဲ့သလို၊ ဂွါဒီယိုလာရဲ့ နည်းဗျူဟာပိုင်း တင်းကျပ်မှုတွေကလည်း ကစားသမားတွေကို ပေါ့ဆမှုမရှိအောင် တွန်းအားပေးခဲ့တာပါ။

စံချိန်တင်အောင်မြင်ခဲ့တဲ့ လိဂ်ရာသီတွေကနေ ဥရောပရဲ့ အောင်မြင်မှုတွေအထိ လာပေါ်တေးရဲ့ မန်စီးတီး ကစားသမားဘဝဟာ အသင်းရဲ့ သမိုင်းတစ်လျှောက်မှာ အောင်မြင်မှုအများဆုံး ရရှိခဲ့တဲ့ နောက်ခံလူတစ်ဦးအဖြစ် ကျန်ရစ်နေမှာဖြစ်ပြီး အဲဒီခေတ်ဟာ ထူးခြားလွန်းနေတာကြောင့်ပဲ ပုံမှန်လိုလိုတောင် ခံစားခဲ့ရတာ ဖြစ်နိုင်ပါတယ်။