နည်းပြဒီဇာဘီထွက်ခွာသွားချိန် ဘောလုံးဒါရိုက်တာဘင်နာတီးယားရဲ့နုတ်ထွက်စာကို မာဆေးလ်အသင်း ငြင်းဆန်ပယ်ချ
မာဆေးလ်အသင်းဘောလုံးဒါရိုက်တာဖြစ်သူဘင်နာတီးယားက အသင်းနည်းပြဒီဇာဘီ ရာထူးမှထွက်ခွာသွားတဲ့နေ့မှာပဲ သူ့ရဲ့နုတ်ထွက်စာကို တင်သွင်းခဲ့တယ်လို့ RMC Sport သတင်းဌာနမှ ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ပြိုင်ဘက်ပီအက်စ်ဂျီအသင်ကို အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက် အင်္ဂါနေ့မှာ အီတလီလူမျိုးနည်းပြ ဒီဇာဘီကို မာဆေးလ်က ရာထူးမှထုတ်ပယ်ခဲ့ပါတယ်။
လက်ရှိမာဆေးလ်အသင်းကြုံတွေ့နေရတဲ့အခက်အခဲတွေအတွက် ဒီဇာဘီတစ်ဦးတည်းမှာပဲ တာဝန်မရှိဘူးလို့ ဘင်နာတီးယားက ယူဆထားတာပါ။ မာဆေးလ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း လီဗာပူးနဲ့ ကလပ်ဘရုဂေးလ်တို့ကို သုံးဂိုးပြတ်ဖြင့် ဆက်တိုက်ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာလာရပါတယ်။ မော်ရိုကိုလက်ရွေးစင် နောက်ခံလူဟောင်းဘင်နာတီးယားက ဒီဇာဘီနဲ့အတူ တစ်သားတည်းရှိကြောင်း ပြသချင်သလို အသင်းရဲ့ အားကစားဆိုင်ရာအကြီးအကဲတစ်ဦးအဖြစ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိချင်လို့ အခုလိုနုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ မာဆေးလ်အသင်းပိုင်ရှင် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်မက်ကော့တ်နဲ့ အသင်းဥက္ကဋ္ဌပါဘလို လောင်ဂိုရီယာတို့က ဘင်နာတီးယားရဲ့နုတ်ထွက်စာကို လက်မခံဘဲ ငြင်းပယ်ခဲ့ကြပါတယ်။ ဘိုင်ယန်မြူးနစ် နောက်ခံလူဟောင်းဘင်နာတီးယားက ပြီးခဲ့တဲ့လကတည်းကပင် အသင်းမှထွက်ခွာမယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ဖူးလို့ အခုလိုနုတ်ထွက်ဖို့ကြိုးပမ်းမှုဟာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ မည်သို့ပင်ဆိုစေကာမူ လောလောဆယ်မှာ ဘင်နာတီးယားက မာဆေးလ်အသင်းဘောလုံးဒါရိုက်တာအဖြစ် ဆက်လက်တာဝန်ယူနေဆဲ ဖြစ်ပါတယ်။