ဂျိမ်းစ်ထရက်ဖို့ဒ်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် မာဆေးလ်ဂိုးသမား ဂျရိုနီမို ရူလီကို မန်စီးတီး အလိုရှိနေ
အသင်းကနေ ထွက်ခွာတော့မယ့် ဂျိမ်းစ်ထရက်ဖို့ဒ်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် မာဆေးလ်ဂိုးသမား ဂျရိုနီမို ရူလီကို မန်စီးတီးအသင်းက မျက်စိကျနေတယ်လို့ သိရပါတယ်။
အသက် ၂၃ နှစ်အရွယ် ထရက်ဖို့ဒ်ဟာ ပြီးခဲ့တဲ့နွေရာသီက ဘန်လေအသင်းကနေ မန်စီးတီးရဲ့ နံပါတ်တစ်ဂိုးသမားအဖြစ် ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒွန်နာရမ်မာ ရောက်ရှိလာခဲ့တာကြောင့် သူ့ရဲ့အိပ်မက်တွေ ပျက်စီးသွားခဲ့ရပါတယ်။
အခုအခါမှာတော့ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ပြောင်းရွှေ့ကြေး ပေါင် ၄၀ သန်းနဲ့ လိဒ်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့တော့မှာဖြစ်ပြီး အဲ့ဒီမှာတော့ သူဟာ အဓိကကစားသမားတစ်ဦး ဖြစ်လာတော့မှာပါ။
ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ မန်စီးတီးဟာ အရန်ဂိုးသမားသစ်တစ်ဦး ရှာဖွေဖို့အတွက် အရှိန်မြှင့် ကြိုးပမ်းနေပြီး မာဆေးလ်ဂိုးသမား ရူလီကို ရွေးချယ်လိုက်ပြီလို့ သိရပါတယ်။
အသက် ၃၄ နှစ်အရွယ် ရူလီကိုယ်တိုင်ကလည်း အသင်းပြောင်းဖို့ စိတ်အားထက်သန်နေသလို မာဆေးလ်အသင်းကလည်း မန်စီးတီးရဲ့ စိတ်ဝင်စားမှုကို သိရှိထားပြီးဖြစ်တယ်လို့ နားလည်ရပါတယ်။