ဘရူနိုဖာနန်ဒက်စ်ကို ထိန်းချုပ်ဖို့ အစီအစဉ်ရှိကြောင်း ဝက်စ်ဟမ်းနည်းပြ နူနို အရိပ်အမြွက်ပြော
ဒီညမှာ ကစားမယ့် မန်ချက်စတာယူနိုက်တက်နဲ့ ပွဲစဉ်အတွက် အသင်းက အဆင်သင့်ဖြစ်နေပြီလို့ ဝက်စ်ဟမ်းနည်းပြ နူနိုက ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က ဘန်လေကို အနိုင်ရထားတဲ့ ဝက်စ်ဟမ်းအသင်းဟာ အခုတစ်ခါမှာတော့ ယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာပါ။
ဒီညပွဲနဲ့ပတ်သက်ပြီး နူနိုက "ယူနိုက်တက်က လက်ရှိမှာ အရမ်းကို ခြေစွမ်းပြနေပြီး အခြေအနေကောင်းနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့ကစားသမားတွေကလည်း ယုံကြည်မှုရှိနေတာကို တွေ့ရသလို အရည်အချင်းရှိတဲ့ ကစားသမားတွေလည်း အများကြီးရှိတာကြောင့် ပွဲကတော့ ခက်ခဲမှာပါ" လို့ ဆိုပါတယ်။
"အရင်တစ်ခေါက် ရင်ဆိုင်ခဲ့တုန်းကနဲ့တော့ လုံးဝကို ကွဲပြားသွားပါလိမ့်မယ်။ ဒါက ပွဲသစ်ဖြစ်သလို အခြေအနေတွေကလည်း အသစ်ပဲ ဖြစ်မှာပါ။ မန်ယူအသင်းက ပြောင်းလဲသွားတာကို ပြသနိုင်ခဲ့သလို အခုအချိန်မှာ တကယ်ကို ကောင်းကောင်းကစားနေတာပါ" လို့လည်း သူက ဆက်ပြောပါတယ်။
ဒါ့အပြင် "သူတို့ရဲ့ ကစားကွက် တော်တော်များများကို ကျွန်တော်တို့ လေ့လာထားပြီးပါပြီ။ ဘရူနိုဖာနန်ဒက်စ်ကိုတော့ ကျွန်တော်တို့ အထူးသတိထားရမှာပါ။ သူက တကယ့်ကို အံ့အားသင့်စရာကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်သလို ကျွန်တော်ကိုယ်တိုင်လည်း သူ့ကို အရမ်းလေးစားပါတယ်" လို့ နူနိုက ဆိုပါတယ်။
ပရိသတ်တွေနဲ့ ပတ်သက်ပြီးတော့လည်း "ပရိသတ်တွေကတော့ တကယ့်ကို အံ့ဩစရာကောင်းပါတယ်။ သူတို့တွေက ကျွန်တော်တို့ကို အမြဲအားပေးကြသလို ဘန်လေနဲ့ပွဲမှာဆိုရင်လည်း တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်။ မနက်ဖြန်ပွဲမှာလည်း ဒီလိုအားအင်တွေ ထပ်လိုပါတယ်။ ကျွန်တော်တို့အတွက် သူတို့ရဲ့ အားပေးမှုက လိုအပ်ပါတယ်" လို့ ပြောပါတယ်။
"အရာအားလုံးက ကျွန်တော်တို့အပေါ်မှာပဲ မူတည်တယ်ဆိုတာ သိပါတယ်။ ကျွန်တော်တို့က ပရိသတ်တွေကို တစ်ခုခု ပေးဆပ်နိုင်တဲ့အချိန်မှာ သူတို့ကလည်း ကျွန်တော်တို့ကို အားအင်တွေ ပြန်ပေးကြမှာပါ။ အသင်းကောင်းတစ်သင်းနဲ့ ယှဉ်ပြိုင်ဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်ပါတယ်၊ ဒါကြောင့် အကောင်းဆုံး ယှဉ်ပြိုင်သွားကြရအောင်" လို့ နူနိုက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။