The network connection is lost.

Banner Image

ယူနိုက်တက်နဲ့ပွဲမှာ ဝက်စ်ဟမ်းကစားသမားတွေ အစွမ်းကုန်ပေးဆပ်ခဲ့တယ်လို့ ဆိုလာတဲ့ နူနို

အင်္ဂါနေ့ညက လန်ဒန်ကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်ကို ၁-၁ နဲ့ သရေကျပြီးနောက် ယူနိုက်တက်ရဲ့ နောက်ကျချေပဂိုးဟာ အသင်းအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့တယ်လို့ ဝက်စ်ဟမ်းနည်းပြ နူနိုက ဝန်ခံပြောကြားလိုက်ပါတယ်။

ဒီပွဲမှာ ဝက်စ်ဟမ်းအတွက် တိုမတ်စ်ဆူချက်က ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမဲ့ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ယူနိုက်တက်တိုက်စစ်မှူး ဘင်ဂျမင်ဆက်စကိုက ပြန်လည်ချေပဂိုး သွင်းယူသွားခဲ့တာပါ။

"ကစားသမားတွေ အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်" လို့ နူနိုက ဆိုပါတယ်။ "ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပေမဲ့ ပွဲပြီးခါနီး နောက်ဆုံးမိနစ်တွေမှာ အခုလိုဖြစ်သွားတာက ကျွန်တော်တို့အတွက် လက်ခံရခက်ပါတယ်။ အထူးသဖြင့် ပွဲပြီးတဲ့အထိ လာရောက်အားပေးကြတဲ့ ပရိသတ်တွေအတွက် ဒီလိုနောက်ဆုံးမိနစ် ထိုးနှက်ချက်က တကယ့်ကို နာကျင်စရာပါပဲ။"

"ပြီးခဲ့တဲ့ ငါးပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းအဆင့်အတန်းဟာ ကျွန်တော်တို့ လိုအပ်နေတဲ့အရာလို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ။ ကောင်းကောင်းယှဉ်ပြိုင်နိုင်နေသလို ကစားဟန်ပိုင်းမှာလည်း ကဏ္ဍအတော်များများ တိုးတက်မှုတွေ ရှိလာခဲ့ပါတယ်။"

"တိုးတက်အောင် လုပ်ရမယ့်အချက်တွေတော့ ရှိပါသေးတယ်။ ဒီနေ့ပွဲမှာ ရခဲ့တဲ့ နေရာလွတ်တွေ၊ အခွင့်အရေးတွေကို အမိအရအသုံးချပြီး ပွဲကို အပြတ်သတ်နိုင်ခဲ့သင့်သလို နောက်ဆုံးမိနစ်မှာ ခံစစ်မဖိစီးအောင် ကြိုးစားခဲ့သင့်ပါတယ်။ ဒါပေမဲ့ ခြုံကြည့်မယ်ဆိုရင် ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာဟာ ကောင်းမွန်ခဲ့ပါတယ်။"

၎င်းက "ခြေစွမ်းတက်နေတဲ့ ခက်ခဲတဲ့အသင်းတစ်သင်းကို ကျွန်တော်တို့ ကောင်းကောင်းထိန်းချုပ်ထားနိုင်ခဲ့ပြီး အခွင့်အရေးအများကြီး မပေးခဲ့ပါဘူး။ အသင်းလိုက်ကစားပုံ ကောင်းမွန်ခဲ့သလို ဂိုးလည်းရခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကစားပုံက တကယ်ကို ကောင်းမွန်ခဲ့ပြီး ကစားသမားတွေရဲ့ အနိုင်လိုချင်စိတ်နဲ့ စိတ်အားထက်သန်မှုဟာ သိသာပါတယ်။ သူတို့ရဲ့ ကြိုးစားမှု၊ စိတ်ဓာတ်နဲ့ စုဖွဲ့မှုတွေအပေါ် ဘာမှပြောစရာမရှိပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ ဂိုးကောင်းတစ်ဂိုး ရခဲ့ပါတယ်။ ဒါဟာ ကစားသမားတွေကို မှာထားတဲ့အတိုင်း ကစားနိုင်ခဲ့တာပါ။ ဘေးတိုက်ကနေ တိုက်စစ်ဆင်တဲ့အခါ ကွင်းလယ်လူတွေ၊ အထူးသဖြင့် ဆူချက်က ဂိုးဧရိယာထဲအထိ ဝင်ပြီး ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ သူက နေရာလွတ်ကို ကောင်းကောင်းအသုံးချနိုင်ခဲ့သလို အခြားအခွင့်အရေးအချို့လည်း ရခဲ့ပါတယ်" လို့ ဆူချက်ရဲ့ ဂိုးနဲ့ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။

နူနိုကပဲ "ဒီနေ့ လာရောက်အားပေးကြတဲ့ ပရိသတ်တွေကို အထူးကျေးဇူးတင်ပါတယ်။ အားလုံးအတွက် ကြီးမားတဲ့ ပျော်ရွှင်မှုမျိုး မပေးနိုင်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်" လို့ နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။