အယ်လ်ဟီလယ်ဆီပြောင်းရွှေ့သွားတဲ့ ဘန်ဇီမာကို အယ်လ်အစ်တီဟတ်ဂန္ထဝင်ပြင်းပြင်းထန်ထန်ဝေဖန်
အယ်လ်အစ်တီဟတ်အသင်းကြယ်ပွင့်ဟောင်းတစ်ဦးမိုဟာမက်နော်က အယ်လ်ဟီလယ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူးဘန်ဇီမာကို "အရှုံးသမား"လို့ခေါ်ဆိုကာ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။
ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရှင်ဘန်ဇီမာက အယ်လ်အစ်တီဟတ်အသင်းကမ်းလှမ်းတဲ့ စာချုပ်သစ်နဲ့ပတ်သက်လို့ မကျေမနပ်ဖြစ်ခဲ့ပြီးနောက် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ မိုဟာမက်နော်က "ဘန်ဇီမာရဲ့စာချုပ်က ၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ စာချုပ်သက်တမ်းတိုးဖို့အတွက် အယ်လ်အစ်တီဟတ်အသင်းဘက်က ကမ်းလှမ်းမှုနှစ်ခု ပြုလုပ်ခဲ့ပေမယ့် သူကတော့ အချိန်ဆွဲနေခဲ့ပါတယ်" လို့ ဒေါသတကြီးပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဘန်ဇီမာဟာ အယ်လ်အစ်တီဟတ်ဘုတ်အဖွဲ့ဝင်တွေကို အသိပေးခြင်းမရှိဘဲ အယ်လ်ဟီလယ်အသင်းနဲ့ ကြိုတင်သဘောတူညီမှုရယူခဲ့တယ်လို့လည်း ၎င်းက ဆိုပါတယ်။
"သူက အယ်လ်ဟီလယ်အသင်းနဲ့ အစစအရာရာသဘောတူညီမှုရရှိထားပြီးဖြစ်လို့ အသင်းစီမံခန့်ခွဲမှုပိုင်းက ကမ်းလှမ်းချက်တွေကို တုံ့ပြန်ခြင်းမရှိဘဲ ဖိအားပေးမှုတွေပဲ လုပ်ဆောင်ခဲ့တာပါ" လို့ မိုဟာမက်နော်က ဖွင့်ဟခဲ့ပါတယ်။
ဘန်ဇီမာရဲ့ အယ်လ်အစ်တီဟတ်အသင်းနဲ့လမ်းခွဲခဲ့တဲ့ပုံစံက အလွန်ဆိုးရွားခဲ့တယ်လို့ မိုဟာမက်နော်က ဆိုပါတယ်။
"သူ့ကို အချိန်အကြာကြီးအားပေးခဲ့ပြီး နာမည်ကို အတို်ငအဖောက်ညီညီ အော်ဟစ်ကြွေးကြော်ခဲ့ကြတဲ့ ပရိသတ်တွေအတွက် မထွက်ခွာခင်မှာ ကျေးဇူးတင်စကားတစ်ခွန်းလောက်တောင်ပြောဖို့ မထိုက်တန်ဘူးလား?" လို့ မိုဟာမက်နော်က မေးခွန်းထုတ်ခဲ့ပါတယ်။
စကားဝိုင်းရဲ့ အဆုံးသတ်မှာတော့ မိုဟာမက်နော်က "ရှုံးနိမ့်သွားတာဟာ အယ်လ်အစ်တီဟတ်အသင်း မဟုတ်ပါဘူး၊ ဘန်ဇီမာကိုယ်တိုင်သာ အရှုံးသမား ဖြစ်ပါတယ်" လို့ ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။