ဆန်းဒါးလန်းနဲ့အတူ ယူရိုပါလိဂ်ဗိုလ်လုပွဲ တက်လှမ်းနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ ဇာခါ
ဒီည၊ အယ်လ်ခမာနဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်မတိုင်ခင် ဆန်းဒါးလန်းနဲ့အတူ ကစားသမားဘ၀၊ တတိယအကြိမ်မြောက် ယူရိုပါလိဂ်ဖိုင်နယ်ဆီ တက်လှမ်းနိုင်ဖို့ ဇာခါ ပစ်မှတ်ထားနေပါတယ်။
ကြောင်နက်တွေက အထင်ကြီးလောက်စရာ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်အမှတ်ပေးဇယားသတ္တမနေရာ ရရှိပြီးနောက် ၅၃ နှစ်ကြာ ဝေးကွာနေတဲ့ ဥရောပပြိုင်ပွဲတွေဆီ ပြန်လည်ရောက်ရှိလာပါတယ်။
အသက် ၃၃ နှစ်အရွယ်ကွင်းလယ်လူက ဆန်းဒါးလန်းကို ဥရောပပြိုင်ပွဲမှာ ဦးဆောင်ခွင့်ရမယ့် အခွင့်အရေးအတွက် သဘောကျနှစ်ခြိုက်နေသလို နည်းပြလီဘရစ်ရဲ့အသင်းနဲ့အတူ နောက်ဆုံးအဆင့်အထိ တက်လှမ်းသွားနိုင်ဖို့ သန္နိဋ္ဌာန်ချထားပါတယ်။
ဇာခါက ကစားသမားဘ၀မှာ အာဆင်နယ်၊ လေဗာကူဆင်တို့နဲ့အတူ ယူရိုပါလိဂ်ဗိုလ်လုပွဲဆီ နှစ်ကြိမ်တိုင်တိုင်တက်ရောက်ဖူးပေမဲ့ ချဲလ်ဆီး၊ အတ္တလန္တာတို့ကို ရှုံးနိမ့်ခဲ့ပါတယ်။
အခုတော့ ဆွစ်ဇာလန်လက်ရွေးစင်ကစားသမားက တတိယအကြိမ်အဖြစ် ကံကောင်းမှုတွေ ရရှိဖို့ မျှော်လင့်နေပြီး ဆန်ဒါးလန်းလည်း ဒီဆုဖလားအတွက် ယှဉ်ပြိုင်ဖို့ စိတ်ပိုင်းဆိုင်ရာအရ၊ ရုပ်ပို်ငးဆိုင်ရာအရ အသင့်ပြင်ဆင်ထားပြီလို့ ယုံကြည်နေပါတယ်။
"ယူရိုပါလိဂ်ဗိုလ်လုပွဲကို ကျွန်တော် နှစ်ကြိမ်တိုင်ကစားဖူးပေမဲ့ နှစ်ကြိမ်လုံးရှုံးနိမ့်ခဲ့ဖူးလို့ နောက်တစ်ကြိမ်ဗိုလ်လုပွဲဆီ ရောက်ရှိဖို့ဆိုတာ ကျွန်တော့်အတွက် ကြီးမားတဲ့ အိပ်မက်တစ်ခု ဖြစ်ပါတယ်" လို့ ဇာခါက မီဒီယာတွေဆီ ပြောကြားခဲ့ပါတယ်။
"စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့မှာ မှန်ကန်တဲ့စိတ်ဓာတ်နဲ့ ပြင်းပြတဲ့ဆန္ဒသာ ရှိမယ်ဆိုရင် တကယ့်ကို ထူးခြားတဲ့ ညတစ်ခု ဖြစ်လာစေနိုင်ပါတယ်" လို့ ဆိုပါတယ်။