ဗူစကိုဗစ်ကို စိတ်ဝင်စားမှုရှိတယ်ဆိုတဲ့ သတင်းတွေအပေါ် တုံ့ပြန်ပြောဆိုလာတဲ့ ဘိုင်ယန်မြူးနစ်အကြီးအကဲ
ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာမက်စ်အီဘရယ်လ်က တော့တင်ဟမ်မှ ဟမ်းဘတ်ဆီ အငှားဖြင့်လာရောက်ကစားနေတဲ့ လူငယ်ခံစစ်မှူးဗူစကိုဗစ်အပေါ် အသင်းရဲ့စိတ်ဝင်စားမှုရှိနေတယ်ဆိုတဲ့ သတင်းတွေကို တုံ့ပြန်ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီ၊ ဂျာမနီဘွန်ဒက်လီဂါကလပ်ဆီ အငှားဖြင့်ရောက်ရှိလာပြီးနောက်ပိုင်း အသက်-၁၈ နှစ်အရွယ်ခံစစ်မှူးက အကောင်းဆုံးခြေစွမ်းပြသကာ လူအများရဲ့အာရုံစိုက်မှုကို ရရှိထားပါတယ်။
လတ်တလောမှာလည်း ဗူစကိုဗစ်ဟာ ဟမ်းဘာ့ဂ်နဲ့ ဘိုင်ယန်မြူးနစ်တို့ နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အတွင်း အသင်းအတွက် ချေပဂိုးသွင်းယူပေးနိုင်ခဲ့လို့ ဘာဗေးရီးယန်းသားတွေရဲ့စိတ်ဝင်စားမှု ရရှိလာခဲ့ပြီလို့ သတင်းတွေထွက်ပေါ်လာပါတယ်။
ဒါပေမဲ့လည်း မက်စ်အီဘရယ်လ်ကတော့ ဒီလူငယ်ကစားသမားနဲ့ပတ်သက်တဲ့ ထင်ကြေးပေးမှုတွေကို ငြင်းဆန်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အနေနဲ့ လက်ရှိအချိန်မှာ နောက်ခံလူအူပါမီကာနိုရဲ့ စာချုပ်သစ်ကိစ္စကို အဓိကအာရုံစိုက်နေတယ်လို့ ဆိုပါတယ်။
"ပထမဆုံးအနေနဲ့ ကျွန်တော်တို့အသင်းရဲ့ စာချုပ်သစ်ကိစ္စတွေကို အရင်ဆုံးဖြေရှင်းရပါမယ်။ အဲဒီကိစ္စ ပြီးသွားပြီဆိုရင်တော့ ကျွန်တော်တို့ဆီမှာ အရည်အသွေးမြင့် ဗဟိုခံစစ်မှူးတစ်ဦးရှိလာပါမယ်" လို့ မက်စ်အီဘရယ်လ်က ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး "ဒါဟာ ဗူစကိုဗစ်ကို ကစားသမားကောင်းမဟုတ်ဘူးလို့ ဆိုလိုတာမျိုး မဟုတ်ပါဘူး။ သူက အခုရာသီမှာ အံ့အားသင့်စရာကောင်းတဲ့ ခြေစွမ်းမျိုး ပြသနေတာပါ" လို့ ၎င်းက ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
ဗူးစကိုဗစ်ဟာ တော့တင်ဟမ်အသင်းပိုင် ကစားသမားဖြစ်သလို ဘိုင်ယန်မြူးနစ်အသင်းမှာလည်း ဂျိုနသန်တာ၊ အူပါမီကာနိုနဲ့ ကင်မင်းဂျေးတို့လို ထိပ်တန်းနောက်ခံလူတွေ ရှိတယ်လို့လည်း မက်စ်အီဘရယ်လ်က ထောက်ပြခဲ့ပါတယ်။
"ဘိုင်ယန်မြူးနစ်ဆီရောက်သင့်တယ်လို့ ပရိသတ်တွေထင်ကြေးပေးနေတဲ့ ကစားသမားကောင်းတိုင်းကို ကျွန်တော်တို့ ခေါ်ယူလို့ မရပါဘူး။ သူက တကယ်ကိုကောင်းမွန်တဲ့ ကစားသမားတစ်ဦးဆိုတာ သံသယဖြစ်စရာ မလိုပေမဲ့ ကျွန်တော်တို့ရဲ့ အဓိကဦးစားပေးက အသင်းအတွင်းပိုင်းမှာရှိတဲ့ အပြောင်းအရွှေ့တွေပဲ ဖြစ်တယ်ဆိုတာ လူတိုင်း သိထားပြီးသားပါ" လို့ မက်စ်အီဘရယ်လ်က အခိုင်အမာပြောကြားခဲ့ပါတယ်။