ဟော်ဖန်ဟိမ်းနဲ့ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူခဲ့တဲ့ လူးဝစ်ဒီယက်ဇ်ကို ဘိုင်ယန်အကြီးအကဲတွေ ချီးကျူးဂုဏ်ပြု
ဘွန်ဒက်လီဂါထိပ်သီးကလပ်ဘိုင်ယန်မြူးနစ်ရဲ့ အကြီးအကဲတွေဖြစ်ကြတဲ့ ဒရီဆန်နဲ့ မတ်စ်အီဘရယ်လ်တို့က ဟော်ဖန်ဟိမ်းကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ ဟတ်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ကိုလံဘီယာတိုက်စစ်မှူးဒီယက်ဇ်ကို အမွှမ်းတင်ချီးကျူးလိုက်ကြပါတယ်။
ယမန်နေ့(တနင်္ဂနွေနေ့)ပွဲစဉ်မှာ ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားဦးဆောင်သူဘိုင်ယန်မြူးနစ်က အမှတ်ပေးဇယားတတိယနေရာရှိ ဟော်ဖန်ဟိမ်းကို ၅-၁ ဂိုးဖြင့် အနိုင်ယူခဲ့ပါတယ်။
ဒီပွဲစဉ်မှာ အသက် ၂၉ နှစ်အရွယ်တိုက်စစ်မှူးက အသင်းအတွက် ဟက်ထရစ်သွင်းယူပေးခဲ့သလို ပင်နယ်တီ နှစ်ကြိမ်ရရှိအောင်လည်း စွမ်းဆောင်ပေးနိုင်ခဲ့လို့ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခုအနိုင်ရလဒ်ကြောင့် ဘိုင်ယန်မြူးနစ်က လိဂ်နှစ်ပွဲဆက်နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်စီအီးအိုဒရီဆန်က "ရလဒ်အပေါ် ကျွန်တော် တကယ်ကို ကျေနပ်မိပါတယ်။ အစောပိုင်းမှာ တစ်ဖက်အသင်းက တစ်ယောက်လျော့သွားပေမဲ့ ကျွန်တော်တို့ ရုန်းကန်ခဲ့ရပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒီနိုင်ပွဲနဲ့အတူ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ကို သက်သေပြနိုင်ခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် "အရင်နှစ်ပွဲမှာ ရလဒ်မကောင်းလို့ အကျပ်အတည်းအနည်းငယ်နဲ့ ရင်ဆိုင်နေရပြီလို့ အချို့က ယူဆနေချိန်မှာ အခုလို ပြန်လာနိုင်တာ ကောင်းပါတယ်။ လူးဝစ်ဒီယက်ဇ်ရဲ့ကစားဟန်ကို ကျွန်တော်တို့ တကယ် သဘောကျမိသလို သူက တကယ့်ကို လေမုန်တိုင်းတိုက်ခတ်မှုတစ်ခုလိုမျိုး ကစားသွားပါတယ်" လို့ ဒရီဆန်က ပွဲအပြီး အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။
အလားတူ အသင်းရဲ့အားကစားဒါရိုက်တာဖြစ်သူ မတ်စ်အီဘရယ်လ်ကလည်း လူးဝစ်ဒီယက်ဇ်ရဲ့ စွမ်းဆောင်ရည်ကို အထူးတလည်ချီးကျူးစကားဆိုခဲ့ပါတယ်။
"ဒီနေ့ပွဲစဉ်မှာ ဒီယက်ဇ်က အပြောင်းအလဲကို ဖန်တီးပေးခဲ့ပါတယ်။ အသင်းလိုက်စွမ်းဆောင်မှုကြောင့် နိုင်ခဲ့တာမှန်ပေမဲ့ သူကတော့ အဓိကကစားသမားပါပဲ။ ဒီယက်ဇ်က အမြဲတမ်း စိတ်အားထက်သန်မှုအပြည့်နဲ့ ကစားတတ်သလို တစ်ဦးချင်းထိုးဖောက်မှုတွေလည်း အရမ်းကောင်းပါတယ်။ သူ့လို ကစားသမားမျိုး ကျွန်တော်တို့ဆီမှာ ရှိနေတာကို အရမ်းဝမ်းသာမိပါတယ်" လို့ အီဘရယ်လ်က ပြောကြားခဲ့ပါတယ်။
လာမယ့်ဗုဒ္ဓဟူးနေ့၊ လိုက်ပ်ဇစ်နဲ့ရင်ဆိုင်ရမယ့် ပိုကယ်လ်ဖလားကွာတားဖိုင်နယ်ပွဲစဉ်အတွက် အီဘရယ်လ်က "ဗုဒ္ဓဟူးနေ့ပွဲမှာ လိုက်ပ်ဇစ်ကို အနိုင်ယူပြီး နောက်တစ်ဆင့်တက်ဖို့က အရေးကြီးပါတယ်။ ကျွန်တော်တို့ ဖလားဗိုလ်လုပွဲမရောက်တာကြာပြီဖြစ်သလို အခုပွဲစဉ်က နှစ်သင်းစလုံးအတွက် ခက်ခဲနိုင်ပေမဲ့ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လာပါလိမ့်မယ်" လို့ မှတ်ချက်ပေးခဲ့ပါတယ်။