တစ်ဦးချင်းထူးချွန်ဆုထက် အသင်းအောင်မြင်ရေးကိုသာ ဦးစားပေးလိုတယ်လို့ ဘိုင်ယန်တိုက်စစ်မှူး လူးဝစ်ဒီယက်ဇ် ဖွင့်ဟ
ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကိုလံဘီယာတိုက်စစ်မှူး လူးဝစ်ဒီယက်ဇ်က Sportschau သတင်းဌာနမှ ချီးမြှင့်တဲ့ "တစ်နှစ်တာအကောင်းဆုံးသွင်းဂိုး" ဆုကို ဆွတ်ခူးရရှိခဲ့ပြီးနောက် သူ့ရဲ့တစ်ဦးချင်းအောင်မြင်မှုထက် အသင်းအတွက် ပံ့ပိုးကူညီပေးလိုတဲ့ စိတ်ဆန္ဒကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
လူးဝစ်ဒီယက်ဇ်က ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း၊ ယူနီယံဘာလင်နဲ့ပွဲစဉ်မှာ မဖြစ်နိုင်လောက်တဲ့ ထောင့်ကျဉ်းအနေအထားမှ ပြိုင်ဘက်ဂိုးသမားရွန်နိုးကိုကျော်ဖြတ်ကာ အံ့ဖွယ်သွင်းဂိုးကို သွင်းယူနိုင်ခဲ့လို့ အခုလိုအကောင်းဆုံးဆုကို ရရှိခဲ့တာပါ။။
"ဒီမှာ အရမ်းကောင်းတဲ့အသင်းတစ်ခု၊ မိသားစုလိုနွေးထွေးတဲ့ပတ်ဝန်းကျင်နဲ့ အရည်အချင်းရှိတဲ့ နည်းပြတစ်ဦးကို ကျွန်တော် ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီမှာ နေသားကျဖို့နဲ့ သက်သောင့်သက်သာရှိဖို့က အရမ်းလွယ်ကူခဲ့ပါတယ်" လို့ သူက Sportschau ဆီ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး လူးဝစ်ဒီယက်ဇ်က "ဒီအသင်းနဲ့အတူ ပြိုင်ပွဲအားလုံး၊ ဖလားအားလုံးကို အရယူချင်ပါတယ်။ ကျွန်တော်တို့ အပြင်းအထန် ကြိုးစားနေကြပြီး အဲဒီအတွက်လည်း အသင့်ဖြစ်နေပြီဆိုတာကို သက်သေပြခဲ့ပြီးပါပြီ" လို့ ဆိုပါတယ်။
"ကျွန်တော်တို့ အခုလို စိတ်ဓာတ်မျိုးနဲ့ပဲ ရှေ့ဆက်သွားရပါမယ်။ ကျွန်တော်ကတော့ ဂိုးတွေသွင်းယူတာ၊ ဂိုးဖန်တီးမှုတွေ လုပ်ပေးတာမျိုးနဲ့ အသင်းကို အကောင်းဆုံးပံ့ပိုးကူညီပေးချင်ပါတယ်" လို့လည်း သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ်တိုက်စစ်မှူးက လက်ရှိဂျာမန်ချန်ပီယံဘိုင်ယန်မြူးနစ်အတွက် ဘွန်ဒက်လီဂါပွဲစဉ် ၁၉ ပွဲ ကစားပေးထားရာမှာ သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ်အထိ ပြုလုပ်ပေးထားပါတယ်။