ဆိုဘိုဆလိုင်းနဲ့ပတ်သက်လို့ လီဗာပူးအသင်းရဲ့သဘောထားကို ထပ်လောင်းအတည်ပြုနိုင်ခဲ့
အခုနွေရာသီအလွန်ကာလအထိ အန်ဖီးလ်မြေမှာ ဆိုဘိုဆလိုင်းဆက်ရှိနေမယ်ဆိုရင် ဟန်ဂေရီသားကို လီဗာပူးနည်းပြသစ်အီရာအိုလာရဲ့စီမံကိန်းမှာ အဓိကအစိတ်အပို်ငးအဖြစ် ဆက်လက်မြင်တွေ့ရပါလိမ့်မယ်။
အမှတ်ပေးဇယားပဉ္စမနေရာနဲ့ ရာသီသိမ်းခဲ့သလို နည်းပြအန်းစလော့ပါ ရာထူးမှထုတ်ပယ်ခံရတဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဆိုဘိုဆလိုင်းက လီဗာပူးအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကစားသမားအနည်းစုအနက် တစ်ဦးဖြစ်ခဲ့ပါတယ်။
ဒီဟန်ဂေရီလက်ရွေးစင်ကစားသမားက ဖရင်ပေါင်နဲ့ ဘရက်ဒလေတို့ ဒဏ်ရာပြဿနာကြုံတွေ့နေချိန် ညာနောက်ခံလူနေရာအပါအဝင် နေရာစုံမှာ ပါဝင်ကစားရင်း ပုံစံကောင်း ပြသနိုင်ခဲ့ပါတယ်။
ခံစစ်ပိုင်းမှာ ပုံစံကောင်းပြသနိုင်ပေမဲ့ မာဆေးဆိုဒ်ကလပ်အတွက်လည်း ဆိုဘိုဆလိုင်းကို ကွင်းလယ်နေရာမှ ဖယ်ထုတ်လိုက်ရလို့ ကွင်းလယ်ဗဟိုမှတဆင့် ထွက်ပေါ်လာနိုင်တဲ့ သူ့ရဲ့စွမ်းဆောင်ရည်ကောင်းတွေကို လက်လွှတ်ခဲ့ရသလို ထိခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။
အခုအခါမှာတော့ ဆိုဘိုဆလိုင်းက အီရာအိုလာလက်အောက် အဓိကကွင်းလယ်ကစားသမား ဖြစ်လာဖို့ ရှိနေပြီး လီဗာပူးအသင်းကလည်း ကစားသမားကို ဆက်ထိန်းထားနိုင်ဖို့ ရည်မှန်းနေပါတယ်။
လီဗာပူးအသင်းတာဝန်ရှိသူတွေကိုယ်တိုင်လည်း အသက်-၂၅ နှစ်အရွယ်ကစားသမားနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်မှုရှိနေပါတယ်။ TEAMtalk ရဲ့ ဖော်ပြချက်အရ လီဗာပူးအသင်းက ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့ရဲ့ စိတ်ဝင်စားမှုတွေ ရှိနေပေမဲ့ သူတို့ရဲ့အဖိုးတန်ကစားသမားကို ရောင်းချသွားဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။
ဒါ့အပြင် ဒီသတင်းမှာပဲ ခရစ္စတယ်ပဲလေ့စ်ကြယ်ပွင့်ဝါတန်ကို အသင်းရဲ့ကွင်းလယ်ပိုင်းမှာ ဂရာဗန်ဘတ်ချ်၊ ဆိုဘိုဆလိုင်းတို့အတွက် ပံ့ပိုးကူညီပေးနိုင်မယ့် အသင့်တော်ဆုံးအားဖြည့်မှုအဖြစ် သတ်မှတ်ထားကြတယ်လို့ ထပ်လောင်းဖော်ပြခဲ့ပါတယ်။
ဒါက လီဗာပူးအသင်းမှာ နည်းပြအီရာအိုလာရဲ့စွမ်းဆောင်ရည်တွေ ချပြဖို့ ပြင်ဆင်နေချိန် မာဆေးဆိုဒ်ပရိသတ်တွေအတွက် ဝမ်းသာစရာသတင်းကောင်း ဖြစ်လာပါလိမ့်မယ်။