The network connection is lost.

Banner Image

ကမ္ဘာ့ဖလားကြယ်ပွင့် ဘူအာဒီကို ယူရိုသန်း ၁၀၀ နဲ့ ခေါ်ယူဖို့ မန်စီးတီး ပြင်ဆင်နေ

မန်ချက်စတာစီးတီးအသင်းဟာ လိုင်လီအသင်းက အယူးဘ် ဘူအာဒီကို ဒီနွေရာသီရဲ့ အကြီးမားဆုံး အပြောင်းအရွှေ့တွေထဲက တစ်ခုအဖြစ် ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေပါပြီ။ မော်ရိုကိုအသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက်မှာတော့ ဘူအာဒီဟာ လီဂူးဝမ်းရဲ့ စိတ်လှုပ်ရှားစရာ လူငယ်ကစားသမားဘဝကနေ ထိပ်တန်းကလပ်တွေ အပြိုင်အဆိုင် ကမ်းလှမ်းချင်နေကြတဲ့ ဒီနွေရာသီရဲ့ နာမည်အကြီးဆုံး ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ် လူငယ်လေးဟာ ဘရာဇီးနဲ့ ပြင်သစ်တို့လို အသင်းတွေနဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ထူးထူးခြားခြား ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပြီး ဒီကစားသမားလေးဟာ အနာဂတ်မှာ တောက်ပလာမယ့်သူ ဖြစ်တယ်လို့ ထိပ်တန်းကင်းထောက်တွေက မန်စီးတီးလို အသင်းတွေဆီ သတင်းပေးပို့ခဲ့ကြတာပါ။ ဘာနာဒို ဆေးလ်ဗား အသင်းကနေ မကြာသေးမီက ထွက်ခွာသွားခဲ့ပြီးနောက်မှာ စီးတီးနည်းပြ အန်ဇို မာရက်စကာဟာ လူငယ်သွေးသစ်တွေ ခေါ်ယူဖို့ အသည်းအသန် ကြိုးစားနေပြီး ဘူအာဒီဟာ သူနဲ့ သူ့ရဲ့ ကင်းထောက်အဖွဲ့တွေ မျက်စိကျနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

အခုဆိုရင် အပြောင်းအရွှေ့ကျွမ်းကျင်သူ ဒေးဗစ် အန်းစတိန်းရဲ့ ပြောကြားချက်အရ စီးတီးဟာ ဒီနွေရာသီရဲ့ အကြီးမားဆုံး အပြောင်းအရွှေ့ဈေးကွက် ကမ်းလှမ်းမှုတွေထဲက တစ်ခုဖြစ်လာမယ့် ကိစ္စကို ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ "မန်စီးတီးဟာ လိုင်လီက အယူးဘ် ဘူအာဒီကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားနေပါတယ်။ အသက် ၁၈ နှစ်အရွယ် ကစားသမားလေးကို လိုချင်နေတဲ့အသင်းတွေထဲမှာ စီးတီးက ထိပ်ဆုံးက ပါဝင်နေပြီး (ပီအက်စ်ဂျီကတော့ ပါဝင်ခြင်းမရှိပါ) တခြားအသင်းတွေက လိုင်လီမှာပဲ အငှားနဲ့ တစ်ရာသီ ဆက်ထားချင်ကြပေမဲ့ မန်စီးတီးကတော့ အခုချက်ချင်း အသင်းထဲ ထည့်သွင်းချင်နေတာပါ။ ပြောင်းရွှေ့ကြေးက ယူရိုသန်း ၁၀၀ ဝန်းကျင်ရှိပြီး မော်ရိုကိုလက်ရွေးစင် ကစားသမားလေးအနေနဲ့လည်း မကြာခင်မှာ ဆုံးဖြတ်ချက်ချဖို့ ရှိနေပါတယ်" လို့ ၎င်းက ဆိုပါတယ်။

စီးတီးဟာ နော့တင်ဟမ်ဖောရက်စ်ကနေ အီလီယော့ အန်ဒါဆန်ကို ပေါင် ၁၁၆ သန်းနဲ့ ခေါ်ယူပြီး အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးကို ချိုးဖျက်ထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ်နောက်မှာ ဒုတိယနဲ့သာ အဆုံးသတ်ခဲ့ရတဲ့ စိတ်ပျက်စရာ ရာသီဖြစ်ခဲ့တာကြောင့် မာရက်စကာကတော့ ဖလားအတွက် ပြိုင်ဆိုင်နိုင်မယ့် အသင်းတစ်သင်း တည်ဆောက်ဖို့ အားမရသေးတာ အထင်အရှားပါပဲ။