The network connection is lost.

Banner Image

ကမ္ဘာ့ဖလားပြိုင်ပွဲမှပြန်လာချိန် ရက်ကွန်းအရုပ်လေးကို သယ်ဆောင်လာတဲ့ ဟာလန်း

ကမ္ဘာ့ဖလားကွာတားဖိုင်နယ်အထိ မှတ်မှတ်ရရ ဖြတ်သန်းခဲ့ပြီးနောက် ဟာလန်းက အမိနိုင်ငံနော်ဝေဆီ ပြန်လည်ရောက်ရှိလာပါပြီ။ သူ့အတွက် ပြိုင်ပွဲလမ်းကြောင်း ပြီးဆုံးသွားခဲ့ပြီဖြစ်ပေမဲ့ သတင်းခေါင်းကြီးပိုင်းတွေမှာ နေရာယူနေမှုတော့ မပြီးဆုံးသေးပါဘူး။

ဒီနော်ဝေကြယ်ပွင့်ရဲ့ပခုံးပေါ်မှာ အိတ်နှစ်လုံးကိုလွယ်၊ လက်ထဲမှာ အသက်မရှိတော့တဲ့ ရက်ကွန်းအရုပ်ကို ကိုင်ဆောင်ပြီး လေယာဉ်ပေါ်မှဆင်းလာတာကို မြင်တွေ့ရပါတယ်။

"ဒီရက်ကွန်းက ကျွန်တော့်အိမ်အထိ လိုက်လာတယ်" လို့ ဟာလန်းက သူ့ရဲ့ X (Twitter) လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ်ကစားသမားက ကမ္ဘာ့ဖလားပြိုင်ပွဲကာလတလျှောက်လုံး လူမှုကွန်ရက်မှာ တက်တက်ကြွကြွရှိခဲ့ပြီး အမေရိကန်မှာ သူလုပ်သမျှ ထူးထူးဆန်းဆန်းအပြုအမူတွေအကြောင်း ပရိသတ်တွေဆီ အမြဲအသိပေးခဲ့ပါတယ်။

တဖက်မှာလည်း ကွင်းတွင်းစွမ်းဆောင်ရည်ပိုင်းအရ ဟာလန်းအတွက် မမေ့နိုင်စရာ ကမ္ဘာ့ဖလားပြိုင်ပွဲခရီးစဉ် ဖြစ်ခဲ့ပါတယ်။ သူက နော်ဝေလက်ရွေးစင်အသင်းအတွက် ခုနစ်ဂိုးအထိ သွင်းယူခဲ့ပြီး အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းနိုင်အောင် ကူညီပေးခဲ့ပါတယ်။

လာမယ့်ပရီမီးယားလိဂ်ဘောလုံးရာသီသစ်အတွက် အင်္ဂလန်ဆီ ဟာလန်းပြန်သွားချိန် ရက်ကွန်းအရုပ်ရော မန်ချက်စတာအထိ လိုက်ပါသွားဦးမလားဆိုတာ စောင့်ကြည့်သွားရပါတော့မယ်။