ဂျာကေးရဲ့ယူရို ၇၂ သန်းတန်အပြောင်းအရွှေ့ကို ကလပ်အသင်းအတွက် အကောင်းဆုံးသဘောတူညီမှုတစ်ခုလို့ ရန်းနက်စ်နည်းပြဆို
ပြင်သစ်ယူ-၂၁ လက်ရွေးစင်နောက်ခံလူနှင့် ရန်းနက်စ်အကယ်ဒမီထွက်ကစားသမားဂျာကေးဟာ လီဗာပူးဆီ ယူရို ၇၂ သန်းဖြင့်မပြောင်းရွှေ့ခင် ဆေးစစ်မှုတစ်ခုခံယူခဲ့တယ်လို့ ရန်းနက်စ်နည်းပြဟာဘစ်ဘေးလ်က အတည်ပြုခဲ့ပါတယ်။ အသက် ၂၀ အရွယ်ဗဟိုနောက်ခံလူက လီဗာပူးဆီ အပြီးသတ်ပြောင်းရွှေ့ပြီးနောက် အခုလီဂူးဝမ်းဘောလုံးရာသီကုန်ဆုံးချိန်အထိ ရန်းနက်စ်မှာပဲ အငှားကစားသမားအဖြစ် ဆက်ရှိနေပါလိမ့်မယ်။ ဟာဘစ်ဘေးလ်ကတော့ မာဆေးလ်နဲ့ရင်ဆိုင်ရမယ့်ပြင်သစ်ရှုံးထွက်ဖလားပွဲစဉ်မတိုင်ခင် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ရန်းနက်စ်နည်းပြဟာဘစ်ဘေးလ်က ဂျာကေးရဲ့အပြောင်းအရွှေ့ကို အတည်မပြုပေးခဲ့ပေမယ့် လာမယ့်နာရီပိုင်းအတွင်း အရာအားလုံး အဆင်ပြေသွားသင့်တယ်လို့ ခန့်မှန်းသုံးသပ်ခဲ့ပါတယ်။ နယူးကာဆယ်နောက်ခံလူဟောင်းက "အမှန်တကယ်မဖြစ်လာသေးတဲ့အရာအတွက် ကျွန်တော်ကတော့ မှတ်ချက်တစုံတရာပေးဖို့ မရှိပါဘူး။ ဒါဟာ ယူဆချက်သက်သက်သာ ဖြစ်ပါတယ်"လို့ ပြောပါတယ်။ လတ်တလောမှာ မာဆေးဆိုဒ်ဒေသဆီရောက်ရှိနေတဲ့ ဂျာကေးဟာ ပြင်သစ်ရှုံးထွက်ဖလားပွဲစဉ်ကို ပါဝင်ကစားနိုင်ဖို့ မသေချာသေးပါဘူး။
ဒါပေမဲ့ ဂျာကေးကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၇၂ သန်းဖြင့် ရောင်းချပြီး ရာသီကုန်အထိ ပြန်လည်ခေါ်ယူနိုင်ခြင်းမှာ အသင်းအတွက် မျှော်လင့်နိုင်သမျှအရာတွေအနက် အကောင်းဆုံးသဘောတူညီမှုတစ်ခုဖြစ်မယ်လို့ ဟာဘစ်ဘေးလ်က ဆိုပါတယ်။ ရန်းနက်စ်နည်းပြက "ကျွန်တော်တို့ အပြောင်းအရွှေ့အတွက် ညှိနှိုင်းခဲ့ကြတယ်၊ ကလပ်အသင်း လိုချင်တဲ့ပမာဏကိုလည်း ရရှိခဲ့ပါတယ်။ ကစားသမားရဲ့ ဆန္ဒကိုလည်း လေးစားမှုရှိခဲ့သလို ဒီရာသီ လက်ကျန်ပွဲစဉ်တွေအတွက်လည်း သူက ကျွန်တော်တို့နဲ့အတူ ဆက်ရှိနေပါမယ်"လို့ ပြောပါတယ်။
အလားတူ ဟာဘစ်ဘေးလ်က ကာမာဗင်ဂါ၊ ဒိုကူနဲ့ ဒူယေးတို့လို ထိပ်တန်းကစားသမားတွေကို လက်လွှတ်ခဲ့ရဖူးတဲ့ ရန်းနက်စ်ဆီမှာ ဥရောပထိပ်သီးကလပ်တွေနဲ့ယှဉ်ပြိုင်နိုင်မယ့် ဘဏ္ဍာရေးအင်အားမရှိဘူးလို့ မှတ်ချက်ပြုခဲ့ပါတယ်။ "ဒါဟာ ဈေးကွက်ရဲ့ လက်ရှိအခြေအနေပါပဲ။ ဂျာကေးသွားမယ့်အသင်းက ချန်ပီယံလိဂ်ကစားခွင့်ရမယ့်အပြင် လက်ရှိကမ္ဘာ့အကောင်းဆုံးလိဂ်မှာလည်း ပါဝင်ယှဉ်ပြိုင်နေပါတယ်။ ဒါကို တားဆီးဖို့ ကျွန်တော်တို့မှာ အင်အားမရှိပါဘူး" ဟု ဟာဘစ်ဘေးလ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။