The network connection is lost.

Banner Image

ဆီမီညိုကို ရောင်းချလိုခြင်းမရှိကြောင်း ဘုန်းမောက်နည်းပြ အခိုင်အမာပြော

ဘုန်းမောက်နည်းပြ အန်ဒိုနီအီရာအိုလာက ပြိုင်ဘက်ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေ အပြိုင်ပစ်မှတ်ထားနေတဲ့ အသင်းရဲ့တိုက်စစ်ကြယ်ပွင့် အန်တိုနီဆီမီညိုကို ရောင်းချလိုခြင်းမရှိကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 
အသက်-၂၅ နှစ်အရွယ်တိုက်စစ်ကစားသမား ဆီမီညိုဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီး၊ လီဗာပူးနဲ့တော့တင်ဟမ်တို့ အပြိုင်ပစ်မှတ်ထားနေတဲ့ကစားသမားဖြစ်ပြီး လာမယ့် သီတင်းပတ်အနည်းငယ်အတွင်းမှာပဲ ကမ်းလှမ်းမှုတွေ ဆက်တိုက်ပြုလုပ်ခံရဖို့ရှိနေပါတယ်။ 
ဒါ့အပြင် ဘုန်းမောက်ဟာ ဇန်နဝါရီမှာစတင်အသက်ဝင်မယ့် ဆီမီညိုရဲ့ စာချုပ်ဖျက်သိမ်းကြေးကို ပေါင် ၆၅ သန်းသာသတ်မှတ်ထားတာကြောင့် ထိပ်သီးကလပ်တွေဟာ ကမ္ဘာ့အဆင့်မီတိုက်စစ်ကစားသမားကို နွေရာသီမရောက်မီမှာပဲ အမိအရခေါ်ယူနိုင်ဖို့ ကြိုးစားလာကြမှာဖြစ်ပါတယ်။ 
သို့သော်လည်း ဘုန်းမောက်နည်းပြ အီရာအိုလာကတော့ ဆီမီညိုကို အသင်းမှာဆက်လက်ထိန်းသိမ်းလိုကြောင်းကို "လောလောဆယ်မှာ ဆီမီညိုက ကျွန်တော်တို့နဲ့အတူတူရှိနေဆဲပါ။ ဒီနေ့လည်း အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။ သူနဲ့ပတ်သက်ပြီး အပြောင်းအရွှေ့သတင်းတွေအများကြီးထွက်နေတာတော့ တွေ့ရပါတယ်။ ဒါပေမယ့် ဒါကိုကျွန်တော်မစိုးရိမ်ပါဘူး။ ကျွန်တော်စိုးရိမ်တာက ဒီသတင်းတွေက သူ့ရဲ့ခြေစွမ်းကို သက်ရောက်မှုရှိမှာကိုပါပဲ"
"အခုချိန်အထိတော့ သူ့ရဲ့ခြေစွမ်းက မကျသေးပါဘူး။ အသင်းအပေါ်မှာလည်း အပြည့်အဝအာရုံစိုက်ထားပါတယ်။ ကျွန်တာ်ကတော့ သူ့ကိုအသင်းမှာ ဆက်ရှိစေချင်ပါတယ်။ ဒါပေမယ့် တချို့အခြေအနေတွေက ကျွန်တော်တို့ ထိန်းချုပ်လို့မရတာတွေရှိပါတယ်။ ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာတော့ သူက ကျွန်တော်တို့ရဲ့ကစားသမားဖြစ်ပြီး ဘုန်းမောက်အတွက်ကစားပေးနေတာပါ"
"သူ့ကိုရောင်းချင်လားဆိုရင်တော့ ကျွန်တော်လုံးဝ မရောင်းချင်ပါဘူး။ သေချာပေါက်အဆုံးရှုံးမခံချင်ပါဘူး။ ဒါပေမယ့် အပြောင်းအရွှေ့ဈေးကွက်မှာဘာတွေဖြစ်မယ်ဆိုတာလည်း ဘယ်သူမှမသိနိုင်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။  
ဆီမီညိုဟာ ဒီရာသီမှာ ဘုန်းမောက်အတွက် ပရီးမီးယားလိဂ် ၈ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ထားနိုင်ပါတယ်။ အသင်းကြီးတွေ ဆီမီညိုကိုဘာကြောင့်လိုချင်နေကြတာလဲဆိုတဲ့ မေးခွန်းကို အီရာအိုလာက "သူက ခြေစွမ်းပိုင်းအရမ်းကောင်းနေပါတယ်။ အခြားအသင်းက တောင်ပံကစားသမားတွေကလည်း ကောင်းအောင်ကစားထားနိုင်ကြတာပါပဲ"
"ဒါပေမယ့် သူက အသင်းရဲ့တိုက်စစ်မှာ ကွာခြားချက်ကိုဖန်တီးပေးနိုင်သူဖြစ်ပြီး ဒါကြောင့်ပဲ သူ့ကိုအသည်းအသန်လိုချင်နေကြတာဖြစ်ပါလိမ့်မယ်။ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာတော့ ဘာတွေဖြစ်လာဦးမလဲ ကျွန်တော်လည်းမသိသေးပါဘူး" လို့ဖြေကြားခဲ့ပါတယ်။