ဘောလုံးမှာ နည်းစနစ်ကသာ အရေးကြီးဆုံးဖြစ်တယ်လို့ ဆိုလာတဲ့ ဘာစီလိုနာကွင်းလယ်လူ ပီဒရီ
၂၀၂၀ ခုနှစ်မှာ လက်စ်ပါးမားစ်မှ ဘာစီလိုနာသို့စတင်ပြောင်းရွှေ့လာခဲ့တဲ့ စပိန်ကွင်းလယ်ကြယ်ပွင့် ပီဒရီဟာ ပြီးခဲ့တဲ့ ၁ နှစ်ခွဲတာကာလအတွင်း အံ့အားသင့်ဖွယ်စွမ်းဆောင်ရည်ကို တည်တည်ငြိမ်ငြိမ်နဲ့ပြသထားနိုင်ခဲ့တာကြောင့် ယခုအခါမှာကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ယောက်အဖြစ် အသိအမှတ်ပြုခံထားရပါတယ်။
ပီဒရီဟာ ဘာစီလိုနာအသင်းအတွက်သာမက စပိန်လက်ရွေးစင်အသင်းအတွက်ပါ အဓိကနေရာကနေ မောင်းနှင်ပေးနေတဲ့ ကွင်းလယ်အင်ဂျင်တစ်လုံးဖြစ်ပြီး ယခုအခါမှာ လက်ရှိဘောလုံးလောကနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ စပိန်သားက လက်ရှိဘောလုံးလောကမှာ နည်းစနစ်ပိုင်းကသာ အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံးအချက်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ဒဏ်ရာပြဿနာကနေလည်း သက်သာလာပြီလို့ အသိပေးပြောကြားခဲ့ပါတယ်။
ပီဒရီက "ကျွန်တော်အခု ဒဏ်ရာကနေ သက်သာနေပါပြီ။ ကြံ့ခိုင်ရေးပြန်လည်တည်ဆောက်မှု အပိုင်းမှာ သေချာအလုပ်လုပ်နိုင်ခဲ့သလို၊ ဒီရက်သတ္တပတ်တွေမှာ အနားယူပြီး အားပြန်ဖြည့်နိုင်ခဲ့ပါတယ်။ ဘောလုံးမှာ ဒဏ်ရာရတယ်ဆိုတာ အခက်ခဲဆုံး အပိုင်းပါပဲ။ ကျွန်တော့်ရဲ့အချိန်ဇယားတွေအကုန်လုံး ပြောင်းလဲသွားပါတယ်။ အသင်းဖော်တွေနဲ့အတူမရှိနိုင်တော့သလို၊ ကိုယ်အရှိချင်ဆုံးနေရာဖြစ်တဲ့ ကွင်းထဲမှာလည်း မရှိနိုင်တော့ပါဘူး"
"ဒါပေမယ့် ဒဏ်ရာကမပြင်းထန်လို့ ရက်သတ္တပတ်အနည်းငယ်ပဲဒီလိုကြုံတွေ့ခဲ့ရပါတယ်။ ကျွန်တော်အားနေတဲ့အချိန်မှာတော့ လူတွေနဲ့စကားတွေအများကြီးပြောဖြစ်ပါတယ်။ မိသားစုနဲ့လည်း အချိန်ကုန်ဆုံးခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပီဒရီက လက်ရှိဘောလုံးလောကမှာ ဘောလုံးသမားတွေဟာ ပွဲစဉ်တွေကို အလွန်အကျွံကစားနေရတယ်လို့လည်း ဝန်ခံပြောကြားခဲ့ပါတယ်။ စပိန်သားက "ကျွန်တော့်ကိုယ်ကျွန်တော် အကောင်းဆုံးလို့ခံစားရတဲ့အချိန်က ပွဲစဉ်တွေ ပုံမှန်ကစားနေရတဲ့အချိန်မျိုးပါ။ အခုချိန်မှာတော့ ပွဲတွေအရမ်းများလွန်းတယ်လို့ထင်ပါတယ်။ အနားယူဖို့နည်းလမ်းတွေဘယ်လောက်ပဲရှိရှိ တစ်ပွဲနဲ့တစ်ပွဲအကြား နားချိန်က အရမ်းနည်းလွန်းပါတယ်။ ပွဲအနည်းငယ်လောက် လျော့သွားမယ်ဆိုရင်တော့ မဆိုးဘူးပေါ့" လို့ပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း သိသိသာသာပြောင်းလဲလာခဲ့တဲ့ ဘောလုံးလောကမှာ ဘယ်အရာကအရေးကြီးဆုံးဖြစ်မလဲလို့မေးမြန်းရာမှာတော့ ပီဒရီက "ဒီနေ့ခေတ်ဘောလုံးလောကဟာ ကိုယ်ကာယကြံ့ခိုင်မှုကို ပိုပြီးအခြေခံလာတာတော့ အမှန်ပါပဲ။ ဒါပေမယ့် နည်းစနစ်ပိုင်းက အရေးကြီးဆုံးလို့ထင်ပါတယ်။ နည်းစနစ်ကပဲ တစ်သင်းနဲ့တစ်သင်းအကြားကွာဟချက်တွေကို ဖန်တီးပေးနိုင်တာပါ" လို့ဖြေကြားခဲ့ပါတယ်။