
ပရီးမီးယားလိဂ်က ပေါ်တူဂီလိဂ်နဲ့မတူကြောင်း ယော်ကရက်စ်ကိုသတိပေးလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က စပို့တင်းမှာအတူတူလက်တွဲခဲ့တဲ့ လက်ရှိအာဆင်နယ်တိုက်စစ်မှူးသစ် ဗစ်တာယော်ကရက်စ်ကို ပရီးမီးယားလိဂ်ဟာ ပေါ်တူဂီလိဂ်လိုမဟုတ်ကြောင်း သတိပေးစကားပြောကြားလာခဲ့ပါတယ်။ ယူနိုက်တက်နဲ့အာဆင်နယ်တို့ဟာ တနင်္ဂနွေနေ့ကစားသွားရမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ထိပ်တိုက်တွေ့ဆုံနေကြတာဖြစ်ပြီး အာမိုရင်အနေနဲ့လည်း သူ့ရဲ့တပည့်ဟောင်း ယော်ကရက်စ်ကို ပြိုင်ဘက်အနေနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ ယော်ကရက်စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီ ပေါ်တူဂီလိဂ်မှာ ၃၉ ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့် ဥရောပထိပ်သီးကလပ်တွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ပြီး ယူနိုက်တက်ကလည်း ကစားသမားကိုခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပါသေးတယ်။
သို့သော်လည်း ယော်ကရက်စ်ဟာ အာဆင်နယ်သို့သာပြောင်းရွှေ့ခဲ့တာကြောင့် ယခုအခါမှာ ဆရာတပည့်နှစ်ယောက် ပြိုင်ဘက်တွေအဖြစ်နဲ့ ပထမဆုံးအကြိမ် စတင်ရင်ဆိုင်သွားကြရမှာဖြစ်ပါတယ်။ ယော်ကရက်စ်ဟာ အကယ်ဒမီကစားသမားဘဝကို ဘရိုက်တန်မှာစတင်ခဲ့ပေမယ့် ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီသို့ပြောင်းရွှေ့ပြီးနောက်မှာ ပိုမိုတိုးတက်လာခဲ့ပြီး စပို့တင်းသို့ ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာ အာမိုရင်က “ပရီးမီးယားလိဂ်က ပေါ်တူဂီလိဂ်နဲ့မတူပါဘူး။ ရုပ်ပိုင်းဆိုင်ရာပြိုင်ဆိုင်မှု ကွာခြားပါတယ်။ ယော်ကရက်စ်က အရမ်းတော်တဲ့ကစားသမားပါ။ မတူညီတဲ့ပုံစံတွေကို ပရီးမီးယားလိဂ်မှာ ပြသသွားနိုင်ဖို့ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ သူ့ကိုခေါ်နိုင်ခဲ့ရင် အခုချိန်မှာ အတူတူရှိနေမှာဖြစ်ပေမယ့် အခုလို အခြားအသင်းကြီးမှာ သူ့ကိုမြင်ရတာကလည်း ထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်အနေနဲ့ ယော်ကရက်စ်ကို မခေါ်ယူနိုင်ခဲ့ပေမယ့် လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုကိုခေါ်ယူနိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ရာသီကထက် တိုက်စစ်ပိုင်းမှာ အတော်လေးတိုးတက်လာဖို့ရှိနေပါတယ်။ တနင်္ဂနွေနေ့ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ပွဲစဉ် အာမိုရင်နဲ့ယော်ကရက်စ်တို့ရဲ့ ပထဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံမှုမှာတော့ ဘယ်သူကအသာရသွားမလဲဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။