
ချန်ပီယံလိဂ်မှထွက်ခွာခဲ့ရခြင်းက အသင်းအတွက် တွန်းအားဖြစ်စေတယ်လို့ဆိုလာတဲ့ ဂွါဒီယိုလာ
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက အသင်းဟာ ချန်ပီယံလိဂ်ကနေထွက်ခွာခဲ့ရခြင်းကို တွန်းအားတစ်ခုအနေနဲ့ အသုံးချသွားမှာဖြစ်ပြီး နောက်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲကို ပြန်လည်ယှဉ်ပြိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။
မန်စီးတီးဟာ ၂၀၁၈ ကနေ ၂၀၂၄ ခုနှစ်အထိ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အနိမ့်ဆုံး ကွာတားဖိုင်နယ်အဆင့်သို့ ၇ ကြိမ်ဆက်တိုက် တက်လှမ်းထားနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ရှုံးထွက် ၁၆ သင်းအဆင့်မှာတင် ရီးရဲလ်မက်ဒရစ်ကို ၂ ကျော့ပေါင်းရလဒ် ၆-၃ နဲ့ရှုံးနိမ့်ပြီး ပြိုင်ပွဲကို စောစောစီးစီး လက်ပြနှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။
ဒါအပြင် မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာလည်း ပုံစံကောင်းရဖို့ရုန်းကန်နေရပြီး လက်ရှိအမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာရပ်တည်နေကာ ထိပ်ဆုံးက လီဗာပူးနဲ့ ရမှတ် ၂၁ မှတ်အထိ ကွာဟနေပါတယ်။ ပက်ဂွါဒီယိုလာရဲ့အသင်းဟာ အဆင့် ၆ နဲ့ ၇ က ချဲလ်ဆီး၊ အက်စတွန်ဗီလာတို့နဲ့လည်း ရမှတ် ၁ မှတ်သာ ကွာဟနေတာကြောင့် လက်ရှိအချိန်မှာ အမှားလုပ်မိပါက အချိန်မရွေး အဆင့်ကျသွားနိုင်ချေလည်းရှိနေပါတယ်။
ယခုအခါမှာ ဂွါဒီယိုလာက “ချန်ပီယံလိဂ်ကနေထွက်ခဲ့ရတာက တွန်းအားတစ်ခုပါ။ ဒါက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့ ကျွန်တော်တို့အတွက် ဆိုးဝါးတဲ့အရာတစ်ခုမဟုတ်ဘူးလို့ ထင်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်က ကျွန်တော်တို့ လက်ထဲမှာပဲရှိနေပါတယ်။ အဲဗာတန်နဲ့ပွဲက ခက်ခဲမှာဖြစ်ပြီး အရေးလည်းကြီးပါတယ်။ ကျွန်တော်တို့မှာ အချိန်လည်းအများကြီးမရှိပါဘူး။ ဒီအပတ် ချန်ပီယံလိဂ်ပွဲတွေကြည့်ရတာ အားရစရာပါ။ အရမ်းကောင်းတဲ့ပွဲတွေဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ ဆက်လက်ယှဉ်ပြိုင်ချင်သေးပေမယ့် လက်ရှိအခြေအနေကိုလည်း လက်ခံရပါမယ်”
“တစ်ခါတလေ အားကစားမှာ စွမ်းဆောင်ရည်မကောင်းရင် ကိုယ်နဲ့မထိုက်တန်တာတွေရှိတတ်ပါတယ်။ လာမယ့်ရာသီမှာတော့ ချန်ပီယံလိဂ်ပြန်ကစားရဖို့ မျှော်လင့်ပါတယ်။ ဥရောပရဲ့ အကောင်းဆုံးအသင်းတွေကို စိန်ခေါ်ချင်ပါသေးတယ်။ ဒီရာသီမှာလည်း ပြီးခဲ့တဲ့ ၇ ရာသီအတွင်းကျွန်တော်တို့လုပ်ပြနိုင်ခဲ့တာကို ဆက်လုပ်သွားပါမယ်” လို့ပြောကြားခဲ့ပါတယ်။