The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်မှာ ဆက်ရှိနေဖို့အတွက် မျှော်လင့်နေတဲ့ ဗင်နီးစီးယက်စ်

ဆော်ဒီဆီ ပြောင်းရွှေ့မယ်ဆိုတဲ့ ထင်ကြေးတွေ ထွက်ပေါ်နေချိန်မှာပဲ ဗင်နီးစီးယက်စ်က ရီးရဲလ်မက်ဒရစ်မှာ နှစ်ပေါင်းများစွာကြာ ဆက်ရှိနေရဖို့အတွက် မျှော်လင့်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
ဘရာဇီးလက်ရွေးစင်က လာလီဂါနှစ်ပွဲပယ်ပြစ်ဒဏ်ပြည့်မြောက်ပြီးနောက် အခုညပိုင်း၊ အက်စ်ပန်ညိုနဲ့ပွဲစဉ်အတွက် ရီးရဲလ်မက်ဒရစ်လူစာရင်းနဲ့ ပြန်လည်ပူးပေါင်းခဲ့ပါတယ်။ သူက အခုလအစောပိုင်းမှာပဲ ကလပ်အသင်းအတွက် ရာပြည့်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
ESPN သတင်းဌာနရဲ့အဆိုအရ ဆော်ဒီပရိုလိဂ်အနေဖြင့် ဗင်နီးစီးယက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လွန်ခဲ့တဲ့နွေရာသီကာလအတွင်း ရီးရဲလ်မက်ဒရစ်ဆီ ကမ်းလှမ်းမှုတစ်ကြိမ် ပြုလုပ်ခဲ့သလို ဒီဇင်ဘာလမှာလည်း ကစားသမားရဲ့အေးဂျင့်တွေဆီ ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။ 
ပြီးခဲ့တဲ့သောကြာနေ့၊ Real Madrid TV နဲ့တွေ့ဆုံချိန် ဗင်နီးစီးယက်စ်က “ရာပြည့်ဂိုးသွင်းယူဖို့နဲ့ ဒီကလပ်အသင်းရဲ့သမိုင်းမှာ အစိတ်အပိုင်းတစ်ရပ်အဖြစ် ရှိနေဖို့ဆိုတာ ကျွန်တော့်အတွက် အလွန်အရေးကြီးပါတယ်။
အသက်-၂၄ နှစ်အရွယ်မှာပဲ ဘောလုံးရာသီ ခုနစ်ခုကို ကျော်ဖြတ်လာခဲ့ပြီးပါပြီ။ ဒါကြောင့် သမိုင်းတစ်ခုရေးထိုးဖို့ဆိုတာ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့မိသားစုအတွက် အထူးအရေးကြီးပါတယ်။ ကျွန်တော် ဒီအချက်ကို နှစ်ပေါင်းများစွာကြာ ကိုင်စွဲသွားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်”လို့ ပြောပါတယ်။
ဗင်နီးစီးယက်စ်က ဇန်နဝါရီ ၂၂ ရက်၊ ဆဲလ်ဘတ်ကို အနိုင်ရရှိတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကစားသမားဘ၀ ရာပြည့်ဂိုးနဲ့ ၁၀၁ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့ပါတယ်။ သူက ရီးရဲလ်မက်ဒရစ်သမိုင်းတလျှောက် သွင်းဂိုးအများဆုံးဘရာဇီးကစားသမားဖြစ်တဲ့ ရိုနယ်ဒိုနာဇာရီယို(၁၀၄ ဂိုး)ရဲ့ စံချိန်ကို လိုက်မီနိုင်ဖို့အတွက် အတော်လေးနီးစပ်နေပါတယ်။
ဗင်နီးစီးယက်စ်က “ရီးရဲလ်မက်ဒရစ်အတွက် ရာပြည့်ဂိုးသွင်းယူနိုင်တဲ့ကစားသမား ၂၃ ဦးပဲရှိပါတယ်။ ဒီကစားသမားတွေထဲမှာ ကျွန်တော့်ရဲ့idol ဖြစ်တဲ့ ရိုနယ်ဒိုနာဇာရီယိုလည်း ပါဝင်ပါတယ်။ သူက ကျွန်တော့်အတွက် ဂိုးပေါက်ရှေ့မှာ ဘယ်လိုပုံစံမျိုး ကန်သွင်းရမယ်၊ ဘယ်လိုပုံစံမျိုးတိုးတက်လာအောင် ပြုလုပ်ရမယ်ဆိုတဲ့လမ်းညွှန်မှုတွေ အများကြီးပေးခဲ့ပါတယ်။
စီရော်နယ်ဒိုလည်း အလားတူပါပဲ။ သူတို့တွေက ဒီကလပ်အသင်းမှာ ခေတ်တစ်ခုကို တည်ထောင်နိုင်ခဲ့တဲ့၊ ကျွန်တော်မြင်တွေ့ဖူးတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ သူတို့ခြေရာအတိုင်း ကျွန်တော်လည်း လျှောက်လှမ်းနိုင်မယ်လို့ မျှော်လင့်မိပါတယ်။
စီရော်နယ်ဒိုဆိုရင် ရီးရဲလ်မက်ဒရစ်အတွက် ၄၅၁ ဂိုးအထိ သွင်းယူပေးခဲ့တာပါ။ ကစားခဲ့တဲ့ပွဲစဉ်အရေအတွက်ထက်တောင် သွင်းဂိုးက ပိုများနေပါသေးတယ်။ အဲ့ဒီပွဲစဉ်အားလုံးနီးပါးကိုလည်း ကျွန်တော် ကြည့်ရှုခဲ့ဖူးပါတယ်။ သူက ကျွန်တော်ကလေးဘဝကတည်းက အားကျခဲ့ရတဲ့ icon တစ်ဦးဖြစ်ပါတယ်။ အခုလိုရာပြည့်ဂိုးသွင်းယူနိုင်သူစာရင်းမှာ ပါဝင်လာရခြင်းက ဂုဏ်ယူနိုင်ဖု့ိအတွက် ရေသောက်မြစ်ကြီးတစ်ခု ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ဗင်နီးစီးယက်စ်က အခုဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံ ၁၇ ဂိုးအထိ သွင်းယူကာ အသင်းကို လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာနဲ့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တက်ရောက်နိုင်အောင် ကူညီပေးထားပါတယ်။
သူက ၂၀၂၄ ခုနှစ်အတွက် ဖီဖာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့သလို ဘော်လွန်းဒီအော်ဆုပေးပွဲမှာလည်း ဒုတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။