ယူရိုပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက် VAR ရဲ့ဆုံးဖြတ်ချက်တွေကို ရှုတ်ချလာတဲ့ ဒိန်းမတ်နည်းပြ
ဒိန်းမတ်လက်ရွေးစင်နည်းပြ ကတ်စပါဟွိုက်မန်းက ယနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ယူရို ၂၀၂၄ ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်မှာ ဂျာမနီကိုရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနော် VAR ရဲ့ဆုံးဖြတ်ချက်တွေကို ပြစ်တင်ရှုတ်ချလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ဒိန်းမတ်ဟာ ဂျာမနီမှပင်နယ်တီသွင်းဂိုးကို ခွင့်မပြုရခင်မှာ ဦးဆောင်ဂိုးအရင်သွင်းယူနိုင်ခဲ့သော်လည်း VAR နဲ့ပြန်လည်စစ်ဆေးရာမှာ လူကျွံနေတာကြောင့် ဂိုးအဖြစ်မှပယ်ဖျက်ခြင်းခံခဲ့ရပါတယ်။ အဆိုပါ လူကျွံဘောဟာ မဖြစ်စလောက်သာ ကျူးလွန်မိခဲ့တာကြောင့် ဟွိုက်မန်းအနေနဲ့ VAR ရဲ့တင်းကျပ်တဲ့စည်းမျဉ်းတွေအပေါ် မကျေမနပ်နိုင်ဖြစ်နေပါတယ်။
ဒါ့အပြင် ဂျာမနီအသင်းကန်ခွင့်ရခဲ့တဲ့ ပင်နယ်တီပြစ်ဒဏ်ဘောဟာကလည်း VAR ရဲ့ဆုံးဖြတ်ချက်သာဖြစ်တာကြောင့် ဟွိုက်မန်းအနေနဲ့ ထပ်လောင်းပြီး ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ဟွိုက်မန်းက "ဒီပွဲရဲ့ရလဒ်က VAR ရဲ့ဆုံးဖြတ်ချက် ၂ ခုအပေါ်မှာပဲမူတည်ခဲ့ပါတယ်။ ကျွန်တော်တို့ လူကျွံခဲ့တယ်ဆိုတာ ၁ စင်တီမီတာပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး သူက "ဒါက အဓိပ္ပါယ်မရှိပါဘူး။ VAR အသုံးပြုခြင်းက ဒီအတွက်မဟုတ်ပါဘူး။ ကျွန်တော်တို့ ၁ စင်တီမီတာလောက်နဲ့ အခွင့်အရေးဆုံးရှုံးပြီးနောက် မိနစ်အနယ်းငယ်အကြာမှာပဲ ပင်နယ်တီပေးလိုက်ရပါတယ်။ ဒီလို လက်ထိစည်းမျဉ်းတွေကို ကျွန်တော် ငြီးငွေ့လွန်းနေပါပြီ။ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး ကျွန်တော် အငြင်းအခုန်လုပ်လေ့မရှိပေမယ့် ဒီတစ်ခေါက်ကတော့ လွန်ပါတယ်။ ကျွန်တော်တို့အသင်းအတွက် စိတ်ပျက်စရာပါ။ တကယ်လို့ ကျွန်တော်တို့သာ ၁-၀ နဲ့ဦးဆောင်နိုင်ခဲ့မယ်ဆိုရင် ရလဒ်က ပြောင်းပြန်ဖြစ်သွားနိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ VAR ရဲ့ဆုံးဖြတ်ချက်တွေအပေါ်မကျေနပ်သော်လည်း အဆိုပါနည်းစနစ်ကို ထောက်ခံတဲဖြစ်ကြောင်းကို ဒိန်းမတ်သားက "ကျွန်တော် VAR ကိုသဘောကျပါတယ်။ ဒီနည်းစနစ်က ဘောလုံးလောကကို အများကြီးအထောက်အကူပြုနိုင်ပါတယ်။ ဒါပေမယ့် ဒီထက်ပိုပြီးတိုးတက်သင့်တယ်လို့ထင်ပါတယ်။ နည်းစနစ်က ကောင်းမွန်ပေမယ့် တစ်ခါတလေကျရင်တော့ သံသယဝင်စရာကောင်းပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။