The network connection is lost.

Banner Image

ကာရစ်ရဲ့ဦးဆောင်မှုအောက်မှာ ယူနိုက်တက်တို့ စိတ်ဓာတ်ပိုင်းပိုမိုတိုးတက်လာတယ်လို့ဆိုတဲ့ ဒေါ်ဂူ

မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမား ပက်ထရစ်‌ဒေါ်ဂူက အသင်းဟာ နည်းပြသစ် မိုက်ကယ်ကာရစ်ရဲ့ဦး‌ဆောင်မှုအောက်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုမိုတိုးတက်လာသလို၊ ကစားပုံကလည်း အရင်ကထက် ပိုမိုပြင်းထန်လာကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ကာရစ်ဟာ သူ့ရဲ့ယူနိုက်တက်နည်းပြဘဝ ပွဲဦးထွက်ကို ပြီးခဲ့တဲ့ စနေနေ့က မန်ချက်စတာဒါဘီမှာ စတင်ဆောင်ရွက်ခဲ့ပြီး မန်စီးတီးကို ၂-၀ နဲ့ဂိုးပြတ် ခြေပြတ်အနိုင်ယူကာ အဖွင့်လှခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ယူနိုက်တက်အတွက် ဒုတိယဂိုးကို ဒေါ်ဂူက သွင်းယူပေးခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ ကစားသမားက ကာရစ်လက်အောက်မှာ ကစားသမားတွေပိုမိုတိုးတက်လာကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒေါ်ဂူက "ကျွန်တော်တို့ နည်းပြအပြောင်းအလဲဖြစ်ခဲ့ပြီး အခုချိန်အထိတော့ ကောင်းကောင်းအလုပ်ဖြစ်နေပါတယ်။ သူနဲ့အတူ လေ့ကျင့်ရေးအစီအစဉ်တွေမှာ တိုးတက်မှုတွေပိုမိုမြင်တွေ့လာရပြီး လူတိုင်းကလည်း အပြုသဘောဆောင်နေပါတယ်" "အသင်းရဲ့တိုးတက်မှုကို ပွဲရဲ့ပထမဆုံးမိနစ်မှာကတည်းက မြင်တွေ့နိုင်ပါတယ်။ ကျွန်တော်တို့ ဒီပွဲမှာ တိုက်ပွဲဝင်ဖို့ ကွင်းထဲကိုဝင်ခဲ့ကြပြီး လူတိုင်းကလည်း အဆင်သင့်ဖြစ်နေခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ယူနိုက်တက်ရဲ့စိတ်ဓာတ်ပိုင်း ပိုမိုတိုးတက်လာကြောင်းကို ဒိန်းမတ်လက်ရွေးစင်က "စိတ်ဓာတ်ပိုင်းက တကယ်ကို ပြောင်းလဲသွားခဲ့တာပါ။ကျွန်တော်တို့ အလိုရှိတဲ့ပုံစံအတိုင်း ကစားနိုင်ခဲ့ကြပြီး ကစားပုံလည်းပိုမိုပြင်းထန်လာခဲ့ပါတယ်။ ကာရစ်က ကျွန်‌တော်တို့ကို ရှေ့ကိုကြည့်ပြီးပဲ ကစားဖို့မှာထားပြီး ကျွန်တော်တို့ကလည်း သူလိုချင်တဲ့အတိုင်းကစားနိုင်ခဲ့ပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။