The network connection is lost.

Banner Image

လာလီဂါဖလားဆွတ်ခူးနိုင်ဖို့ အရန်လူအင်အားတောင့်တင်းနေရမယ်လို့ အရူဂျိုပြော

တနင်္ဂနွေညက ရီးရဲလ်ဆိုစီဒက်ကို ၄-၀ နဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအတွက် အနိုင်ဂိုး ၁ ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ နောက်ခံလူ ရော်နယ်အရူဂျိုက အသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အက်သလက်တီကိုမက်ဒရစ်တို့ကိုကျော်ဖြတ်ပြီး လာလီဂါအမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ဖို့ဆိုရင် တောင့်တင်းရဲ့အရန်လူစာရင်းရှိနေရမယ်လို့ အကြံပေးပြောကြားလာခဲ့ပါတယ်။ 

ရီးရဲလ်မက်ဒရစ်ရဲ့ခြေချော်မှုကို အပြည့်အဝအခွင့်အရေးယူနိုင်ခဲ့တဲ့ဘာစီလိုနာဟာ ယခုအခါမှာ လာလီဂါအမှတ်ပေးဇယာကို ထိပ်ဆုံးကနေဦးဆောင်ထားပြီး ဒုတိယနေရာက အက်သလက်တီကိုကို ၁ မှတ်၊ တတိယနေရာက ရီးရဲလ်မက်ဒရစ်ကို ၃ မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပွဲအပြီးမှာ အရူဂျိုက ယခုနိုင်ပွဲဟာ အလွန်အရေးပါကြောင်းနဲ့ အသင်းမှာ အရန်လူစာရင်းတောင့်တင်းဖို့ လိုအပ်နေကြောင်း ပြောကြားလာခဲ့ပါတယ်။ နောက်ခံလူက "ဒီပွဲကိုအနိုင်ရခဲ့လို့ အရမ်းပျော်ပါတယ်။ ဒီနေ့မှာအနိုင်ရဖို့ အရမ်းအရေးကြီးပါတယ်။ ကစားပုံကောင်းခဲ့သလို၊ အမှတ်ပေးဇယားကိုလည်း ဦးဆောင်နိုင်ခဲ့လို့ အရမ်းပျော်ပါတယ်"

"ကျွန်တော် ကာလရှည်ဒဏ်ရာကနေ ပြန်လာနိုင်တာ မကြာသေးပါဘူး။ အခုချိန်မှာ အတော်လေးတည်ငြိမ်နေပါပြီ။ တစ်ဆင့်ချင်းစီ တိုးတက်အောင်လုပ်သွားပါမယ်။ ယုံကြည်မှုလည်း အပြည့်အဝရှိနေပါတယ်။ အမှတ်ပေးဖလားကိုရဖို့ အသင်းမှာ ကစားသမား လုံလုံလောက်လောက်ရှိဖို့လိုပါတယ်။ ၁၁ ယောက်၊ ၁၂ ယောက်တည်းနဲ့ မလုံလောက်ပါဘူး။ အသင်းမှာ အရန်ကစားသမားကောင်းတွေရှိရပါမယ်။ မန်နေဂျာက ဒီအပိုင်းမှာလည်း အကောင်းဆုံးစီမံခန့်ခွဲနေပါတယ်။ အရန်ခုံကလူတိုင်းက အသင်းကို အကူအညီပေးနိုင်တဲ့လူတွေချည်းပါပဲ" လို့ပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ အရူဂျိုဟာ ဒီရာသီ လာလီဂါမှာ ပထမဆုံးအကြိမ်ဂိုးသွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ကစားသမားဟာ အတ္တလန္တာနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဘာစီလိုနာအတွက် သွင်းဂိုး ၁ ဂိုးရယူပေးနိုင်ခဲ့ပါသေးတယ်။